မန္တလေးသတင်း

နွားထိုးကြီးနယ်မှာ ဘုရားပေါ်တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊နှစ်ဖက်ထိတွေ့မှုရှိပြီး ဒရုန်းနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ

MN/MFP ၊ ဇွန် – ၂၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို နှစ်ဖက်ထိတွေ့မှုတွေလည်းရှိပြီး ဒရုန်းနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၀ ရက်နေ့က နွားထိုးကြီးမြို့တောင်ဘက်အထွက်ရှိ စစ်အုပ်စုဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဇွန်၂၁ရက်မှာလည်း နွားထိုးကြီးမြို့ပေါ်က ရှင်ပင်သာဒွန်းဦးဘုရားပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဆက်လက်ပြီး ဇွန် ၂၁ ရက်မှာ ညနေပိုင်းမှာလည်း နွားထိုးကြီးမြို့နယ် ဖက်ခူးကျေးရွာကနေ ထွက်လာတဲ့ စစ်အုပ်စုဝင်တွေနဲ့ မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဆီကနေ 5.56 ကျည် ၃၀ တောင့်၊ 7.62 ကျည် ၁၁၀ တောင့်၊ 40 မမ ဗုံးသီး တစ်လုံးနဲ့ M-16 ကျည်ဘောက် တစ်ခုတို့ သိမ်းဆည်းရရှိခဲ့သလို နွားထိုးကြီးမြို့ပေါ်ကနေ စစ်အုပ်စုတွေ လွှတ်တင်လိုက်တဲ့ drone တစ်စင်းပါ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။

နွားထိုးကြီးမြို့နယ်ထဲမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုတွေက ပြီးခဲ့တဲ့ ဇွန် ၄ ရက်က နွားထိုးကြီးနယ်တောင်ခြမ်းရှိ အုတ်ရှစ်ကုန်းရွာက‌ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် သင်းတပေါ့ကျေးရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အဖိုးအိုတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက MFP ကိုပြောဆိုထားပါတယ်။

နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်သလို လေကြောင်းကနေပါ ဗုံးကြဲသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်အုပ်စုထံက သိမ်းဆည်းရရှိတဲ့ ဒရုန်းနဲ့ ခဲယမ်းတွေ/ ဓာတ်ပုံ-မြင်းခြံခရိုင် အမှတ် ၄-၁၀တပ်ရင်း

Related Articles

Back to top button