စစ်အုပ်စုမောင်းထုတ်လို့ လယ်ကွင်းကြားရောက်သွားတဲ့ ဗလီနဲ့ဘဝတွေ

ထင်လင်း/ MFP ၊ ဆောင်းပါး
ခြစ်ခြစ်တောက်ပူနေတဲ့ အညာမြေရဲ့မွန်းလွဲနေရောင်အောက် လယ်ကွင်းလယ်ကွက် ရိုးပြတ်တွေအကြားက သွပ်မိုး၊ ဘဲပိုက်ကာ အဆောင်တစ်ခုထဲမှာ လူတစ်စု ဝတ်ပြုဆုတောင်းနေကြပါတယ်။
သွပ်မိုးထားတာကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းအားလုံး လယ်စောင့်တဲသာသာရှိတဲ့ အဲ့ဒီအဆောင်ထဲမှာ ၃/၄ ဒါဇင်လောက်ရှိနိုင်တဲ့ အစ္စလာမ်ဘာသာဝင် လူကြီး၊ လူရွယ်၊ လူငယ်၊ ကလေး အစုံအလင်ဟာ မတ်တပ်ရပ် တိတ်တဆိတ်နားထောင်နေသလို သူတို့အားလုံးရဲ့ အရှေ့တည့်တည့်မှာ ဘာသာရေးဆရာတစ်ဦးရှိနေပါတယ်။
တကယ်တော့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ အခုလို မိုးလုံ၊ လေမလုံ အဆောက်အဦရဖို့အတွက်တောင် သူတို့အတော်လေး ကြိုးစားရုန်းကန်ခဲ့ရပါတယ်။
“အခက်အခဲပေါင်းစုံတော့ ရှိကြတာပေါ့။ ကျနော်တို့ ဒီမှာ သဒ္ဒါရှင်၊ စေတနာရှင်တွေရဲ့ အလှူငွေနဲ့ ဒီလို အဆောက်အဦလေးဖြစ်အောင် ကျနော်တို့ ဆောက်ကြရတယ်။ သုံးနေရာရှိတယ်။ သုံးနေရာစလုံးမှာလည်း ဒီပုံစံပဲ စီစစ်ပြီး လုပ်ကြတယ်။ အဲ့ဒီ သုံးနေရာစလုံးကလည်း ဗလီကျောင်းကို တက်ပြီးတော့ ဝတ်ပြုကြတယ်” လို့ ဘာသာရေးဆရာ ဦးကိုကို(အမည်လွှဲ) က ပြောပါတယ်။
ဒီအဆောင်တွေဟာ ဦးကိုကိုတို့အတွက် ဝတ်ပြုဆုတောင်းရာနေရာဟုတ်သလို သူတို့ကလေးငယ်တွေရဲ့ ဘာသာရေးနဲ့ ပညာရေးသင်ယူစရာ ယာယီစာသင်ကျောင်းတွေလည်း ဖြစ်ပါတယ်။
အညာလေပူ တစ်ချက်ဝှေ့တိုင်း တည်ငြိမ်မှုပျောက်ဆုံးပြီး တဖြတ်ဖြတ်လှုပ်ခါသွားတဲ့ အကာအရံ ဘဲပိုက်တွေဟာ အဲ့ဒီလူစုရဲ့ လက်ရှိဖြစ်တည်နေမှု အခြေအနေကို ထင်ဟပ်ပြနေသလိုပါပဲ။
ဦးကိုကို အပါအဝင် အဲ့ဒီနေရာမှာရှိနေတဲ့ လူစုရဲ့ မူလဘူတ ဇာတိကတော့ အထက်အညာဒေသ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတစ်ခုပါ။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲတွေ ဖြစ်ချိန်မှာ ဦးကိုကိုတို့ နေထိုင်တဲ့ကျေးရွာကို စစ်အုပ်စုက စီးနင်းဖျက်ဆီးပြီး ဒီကနေ့အထိ စခန်းချနေတဲ့အတွက် သူတို့အားလုံး နေရပ်မပြန်နိုင်ဘဲ အခုနေရာမှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။
ရွာမှာြဖစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးကိုကိုက “ဗလီအထဲမှာရှိတဲ့ အားလုံးကို ဖျက်ဆီးသွားပြီ။ ဘာသာရေးစာသင်ကျောင်းလည်း အားလုံးဖျက်ဆီးသွားပြီ။ ရွာသားတွေ သောက်သုံးနေတဲ့ အဝီစိရေတွင်းတွေလည်း အကုန်ဖျက်ဆီးသွားတယ်။ ကျနော်တို့ ကျေးရွာရဲ့ မီးလင်းရေး ထရန်စဖာ၊ မီးကြိုး၊ အိမ်တွေမှာလုပ်ထားတဲ့ ခလုတ်ခုံတွေ၊ ဗလီဝတ်ကျောင်းတော်မှာရှိတဲ့ ခလုတ်ခုံ၊ မီးကြိုး၊ အင်ဗာတာ၊ မော်တာ၊ အဲ့ဒါတွေပါ အကုန်လုံးယူသွားပြီး ကျနော်တို့ လူမှုကူညီရေးကားကိုပါ ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့၊ လူသတ်၊ လုယက်ပြီး စိစိညှက်ညှက်ကြေအောင် ဖျက်ဆီးနေတဲ့အတွက် အညာမှာနေ၊ အညာရေသောက်၊ အညာကဆန်ကိုစားပြီး အညာသားတစ်ပိုင်းဖြစ်နေတဲ့ ဦးကိုကိုတို့ဟာလည်း ဒီဒုက္ခတွေကနေ မလွတ်မြောက်ခဲ့ပါဘူး။
အညာမှာ စစ်အုပ်စုစစ်ကြောင်းလာရင် ထွက်ပြေးတိမ်းရှောင်လိုက်၊ စစ်အုပ်စုစစ်ကြောင်းပြန်ရင် ရွာထဲပြန်ဝင်နေလိုက်နဲ့ ရှင်သန်ရပ်တည်နေရသူတွေရှိသလို ဦးကိုကိုတို့ကတော့ စရှောင်ကတည်းက နေရပ်ပြန်ခွင့်မရတဲ့ စစ်ရှောင်အုပ်စုစာရင်းဝင် ဖြစ်ပါတယ်။
ဒါကြောင့်လည်း စစ်ရှောင်ကာလကြာရှည်လာတာနဲ့အမျှ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဒုက္ခတရားကလည်း ပိုကြာလေ ပိုပြီးလေးလံလေ ဖြစ်လာပါတယ်။
ဦးကိုကိုတို့ကျေးရွာတင်မက ဘေးကပ်လျက်ကရွာတွေကိုလည်း စစ်အုပ်စုက အလားတူနည်းလမ်းတွေနဲ့ ဖျက်ဆီးထားတဲ့အတွက် လက်ရှိမှာ နေရပ်ပြန်ရေးကိစ္စဟာ ဝေဝါးလွန်းပေမယ့် တစ်နေ့ နေရပ်ပြန်ခွင့်ရရင်ဆိုတဲ့ စိတ်ကူးအိမ်မက်တွေကတော့ သူတို့ကိုယ်စီမှာ တွေ့ရပါတယ်။
“ရွာထဲမှာပြန်နေလို့မရဘူး။ ငါးမိနစ်အတွင်းမှာ ရွာထဲဝင်လာပြီးတော့ ဒုက္ခပေးနိုင်တယ်။ ပေါ်တာဆွဲလို့ရတယ်။ ဒုက္ခအမျိုးမျိုးပေးနိုင်တယ်။ ကျနော်တို့ရွာရဲ့လမ်းထိပ်မှာ ဘန်ကာရှိတယ်။ ကျနော်တို့ရဲ့ ဗလီကျောင်းဝင်းထဲမှာ ထိုင်သွားတာဆို တစ်နှစ်ကျော်လောက်ကြာတယ်။ ထိုင်သွားပြီးတော့ ကျနော်တို့ရွာထဲမှာရှိတဲ့ ကောင်းတဲ့ပစ္စည်းမှန်သမျှ သူတို့ အသုံးတည့်တဲ့ပစ္စည်းမှန်သမျှ အကုန်လုံး ယူသွားကြတယ်” လို့ ဦးကိုကို က ပြောပါတယ်။
ရွာကို ပြန်နိုင်တဲ့အချိန်ရောက်ရင် မီးရှို့ခံရတဲ့အိမ်တွေ၊ ဆုံးရှုံးခဲ့တဲ့အရာတွေ၊ အလဲလဲအပြိုပြိုဖြစ်နေတဲ့ ဘဝတွေအတွက် ဘယ်လိုအရာနဲ့ ပြန်တည်ဆောက်မလဲဆိုတဲ့ ကိစ္စဟာလည်း ဦးကိုကိုတို့အတွက် လက်တွေ့မှာမဖြစ်လာသေးပေမယ့် ဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အပေါ် သူတို့ စဉ်းစား ရင်မောရပြန်ပါသေးတယ်။
“လူနေမှုစနစ်အားလုံး ကျနော်တို့က နိမ့်ကျနေရတယ်။ လူတိုင်းလိုလို တော်တော်များများက ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံနေရတယ်။ အဓိကတော့ စိတ်ဒဏ်ရာတွေ ခံနေကြရတယ်။” လို့ ဦးကိုကိုက ငြီးတွားပြောဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press-MFP
#လယ်ကွင်းထဲကဗလီ #ဗလီ



