စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်း-ကချင်အစပ် ရွာတွေနဲ့ ခရီးသွား ကားတန်းကို စစ်အုပ်စု ဗုံးပတ်ကြဲသတ်ဖြတ်နေ၊

နှစ်ရက်အတွင်း အရပ်သား ပြည်သူ ၁၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ၊

ခါးခါး/MFP၊ စက်တင်ဘာ – ၂၅

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်အစပ်၊ အင်းတော်၊ ကသာ၊ ကောလင်းနဲ့ ထီးချိုင့်နယ်တွေရှိ ကျေးရွာတွေနဲ့ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က ခရီးသွား ကားတန်းတွေကို အာဏာသိမ်း စစ်အုပ်စုက ဗုံးပတ်ကြဲ နေပြီး ဗုံးထိလို့ နှစ်ရက်အတွင်း အရပ်သားပြည်သူ ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကချင်ပြည် တိုက်ပွဲတွေမှာ စစ်ရှုံးပြီး အထိနာ အသေများနေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ ၂၁ရက်က စလို့ ကချင်နဲ့ စစ်ကိုင်းအစပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ ကသာ၊ ကောလင်းနဲ့ ထီးချိုင့်နယ်တွေထဲ တိုက်ပွဲမရှိဘဲ ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၃ရက် မနက်ပိုင်းက အင်းတော်မြို့နယ်၊ မဲဇာရွာအနီး၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာ လမ်းပေါ်ရှိ ခရီးသွားကားတန်းနဲ့ စက်သုံးဆီတင်ယာဉ်တွေကို စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ ဗုံး ၁၈လုံး ထက်မနည်း လိုက်လံ ကြဲချ တိုက်ခိုက်ခဲ့ရာ ခရီးသွားတွေ၊ ကုန်သည်တွေ အပါအဝင် အရပ်သားပြည်သူ ငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အင်းတော်မြို့နယ် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ အင်းတော်မြို့နယ်၊ မဲဇာရွာအနီး၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းတလျှောက် စစ်အုပ်စုက ဗုံးပတ်ကြဲလို့ သေဆုံးသူတွေဟာ ကိုကျော်ထူး (ဒေသခံပြည်သူ-၃၇နှစ်)၊ ကိုသန်းမင်းထွန်း (ကုန်သည်-၃၄နှစ်)၊ ကိုကျော်ဝင်းဆွေ (ခရီးသွားပြည်သူ-၂၇နှစ်)၊ ဦးဝင်းဘို (ကုန်သည်-၄၀နှစ်)နဲ့ ကိုရွှေလင်းဦး (ကုန်သည်-၃၈နှစ်)တို့ ငါးဦး ဖြစ်ပြီး နောက်ထပ် ပြည်သူ ရှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ ကားမကောင်းတာကြောင့် လမ်းဘေး ဆီခြံတွေမှာ ရပ်နားထားတဲ့ ဆီသယ်ကားတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲတာဖြစ်ပြီး ကားသမားတွေ အပါအဝင် အရပ်သားပြည်သူတွေဟာ သွားလာရင်းနဲ့ ဗုံးထိ သေဆုံးကြရတာလို့ ဒေသခံ ယာဉ်မောင်းတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရေးကလည်း တင်းမာနေတယ်။ လမ်းကလည်း မိုးတွင်းကာလဆိုတော့ အရမ်းဆိုးတယ်။ အဲ့တော့ သွားလာလို့ မရသေးဘူး။ ဆီခြံတွေမှာ နေကြရတာ။ အခု ဗုံးကြဲခံရတာ့ အဲ့ဒီဆီခြံကနေ တခြားနေရာကို ရွှေ့ပြောင်းပြီး ဒီလိုပဲ နေကြရတာပါ”

စစ်အုပ်စုဟာ ခရီးသွားကားတန်းကို ဗုံးကြဲသတ်ဖြတ်ပြီးနောက် ညနေပိုင်းမှာပဲ ဆက်လက်ပြီး အင်းတော်နယ်ကို ထပ်မံ ဗုံးကြဲသလို ကသာမြို့နယ်၊ ညောင်ခြေထောက်နဲ့ နောင်ပိန်းကျေးရွာတို့ကို လည်း ဗုံးကြဲခဲ့ပါတယ်။

စက်တင်ဘာ ၂၃ရက် ညနေပိုင်း ကသာနယ်၊ ညောင်ခြေထောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက ဗုံးကြဲရာ သီလရှင်ဆရာလေးတစ်ပါး ပျံလွန်ပြီး နောင်ပိန်း‌ကျေးရွာပေါ် ဗုံးပတ်ကြဲရာမှာတော့ ရွာခံပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်မှာပဲ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာ၊ ဧရာဝတီမြစ်ဆိပ်မှာ ခိုအောင်းနေတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့ရာ ထီးချိုင့်နယ်၊ ညောင်ပင်သာကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၄ရက် မနေ့က ညနေပိုင်းအချိန် ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ကုက္ကိုကုန်းကျေးရွာပေါ်ကို စစ်အုပ်စုက ဗုံးကြဲလေယာဉ်နဲ့ နှစ်ကြိမ်ပျံဝဲပြီး ဗုံးနှစ်ကြိမ် ကြဲချသလို ရော့ကတ် (Rocket) နဲ့ လေးကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆၀ အရွယ် တစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် နှစ်ဦး၊ စုစုပေါင်း အမျိုးသား သုံးဦး သေဆုံးကာ ရွာခံပြည်သူ ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ခရီးသွားပြည်သူတွေနဲ့ ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲနေလို့ ပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်းရဲ့ အထက်ဘက်၊ ကချင်ပြည်၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ရိုး တလျှောက် တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်အုပ်စု အထိနာ ပြီးနောက် ကချင်ပြည်နဲ့ ထိစပ်နေတဲ့ ကောလင်း၊ အင်းတော်နဲ့ ကသာနယ်တွေကို စစ်အုပ်စုက နေ့စဉ် ဗုံးပတ်ကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်အစပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်၊ ကသာနဲ့ ကောလင်းနယ်ထဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အင်းတော် #ကောလင်း #ရွှေဘိုမြစ်ကြီးနားကားလမ်း

Related Articles

Back to top button