
ရွှေဥ/MFP၊ ဇွန်-၂၄
မြန်မာ-အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူးလမ်းမကြီးဘေးရှိ ခါမ်းပါတ်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်အုပ်စုက တစ်ပတ်ကြာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားတစ်ဦး သေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကိုပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ဇွန်(၁၄)ရက်နေ့ကစတင်ကာ တမူးမြို့နယ် ကလေး-တမူးလမ်းမကြီးဘေးမှာ တည်ရှိတဲ့ ခါမ်းပါတ်မြို့အပါအဝင် ဝိတုတ်နဲ့ ကနန် ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီလိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဇွန်လ (၂၂)ရက်နေ့မှာ ကနန်ကျေးရွာက အသက် (၃၄)နှစ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို ဇွန် (၂၃)ရက်မှာလည်း ချင်းအမျိုးသားတပ်ဦး(CNA)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဘုရားကျောင်းနဲ့ နေအိမ်တွေ အပါအဝင် အဆောက်အဦး (၂၀) ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။



“မနေ့ကကို နေ့ခင်းဘက် နှစ်ကြိမ်လာကြဲတယ်။ခါမ်းပါတ်ကိုက နှစ်ကြိမ်တောင် လာချတယ်၊ ဝိတုတ်နဲ့ ကနန်ကိုလည်း ကြဲတယ်။အိမ်တွေကတော့ တော်တော်ပျက်စီးတယ်။ ဘုရားကျောင်းတွေလည်း ပျက်စီးတယ်။ သေတာက ကနန်က တစ်ယောက်သေတယ်။မိဇိုချင်းလူမျိုး။နောက်တစ်ယောက်ကတော့ တော်လှန်ရေးအဖွဲ့ထဲက သူက တိုက်ပွဲမှာ ဒဏ်ရာထိတယ်။အဲ့ဒဏ်ရာနဲ့ဆုံးတော့တာ” လို့ ဆိုပါတယ်။
ကလေး-တမူးလမ်းမကြီးမှာရှိတဲ့ ခါမ်းပါတ်မြို့ကို ဇွန်လ ၂၀ရက်မှာ စစ်အုပ်စုတပ်တွေက ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်ရပ်ကွက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း တမူးမြို့စော်ဘွားရပ်ကွက်က ပျူစောထီးခေါင်းဆောင် အပါအဝင် စစ်အုပ်စုဝင် (၁၀)ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သေတာကတော့သေတယ်။ဝိတုတ်နားကတိုက်ပွဲမှာလည်း သေတယ်။မြို့စောင့်တပ်က စော်ဘွားသားနှစ်ယောက် သေတယ်။ သူတို့ဘက်ကကျတာတွေရှိတယ်။ထပ်ဖြည့်ပြီးတော့ထိုးနေတာ “လို့ ဆိုပါတယ်။
၈၃ မိုင်ခန့် ရှည်လျားတဲ့ ကလေး-တမူး (အာရှလမ်းမကြီး)ကို စစ်အုပ်စုတပ်က ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊တမူးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊မော်လိုက်မြို့ကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းသုံးကြောင်းနဲ့ ဝင်ရောက်နေတာဖြစ်ပါတယ်။
ဒီလိုစစ်ကြောင်းထိုးဝင်ရောက်နေချိန်မှာ စစ်အုပ်စုက ဝေဟင်ကနေလည်း လေကြောင်းပစ်ကူတာတွေ တရစပ်လုပ်နေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့နန်မွန်းတား ၊ဝိတုတ်၊ကနန်၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) စခန်း ၊ရာဇဂြိုဟ်ကျေးရွာတွေအပါအဝင် ခါမ်းပတ်မြို့ကို လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
ဒီလို မြေပြင်ဝေဟင် စစ်ကြောင်းထိုး ဗုံးကြဲနေတာကြောင့် ကလေး-တမူးလမ်းမကြီးတလျှောက်က ခွန်မွန်းနွမ် ၊နန်မွန်းတား၊ ရန်ငြိမ်းအောင်၊ မင်းသမီး၊ ကနန်၊ဘုက္ကန်၊ ခါမ်းပါတ် ၊ဖက်ယားရေရှင် ၊ကျွန်းတောရေရှင် ၊ဝိတုတ် ၊စော်ဘွားရေရှင် ၊ရန်မျိုးအောင် ၊ကြံစက်ကုန်း ၊ကြက်ဖနက် ၊ကံသာယာ ၊ကံကြီး ၊ ၊နန်းစောင်းပု ၊၅၆ မိုင် ၊အရှေ့ခုံသာ ၊အနောက်ခုံသာစတဲ့ ကျေးရွာ (၅၀) ကျော်က ဒေသခံသောင်းချီဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒီလိုထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ၊ကိုယ်ဝန်ဆောင်မိခင်တွေ ၊ကလေးငယ်တွေနဲ့ နားမကျန်းဖြစ်သူတွေလည်း ပါဝင်ပြီးတော့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ကျွန်းတောရရှင် ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးတွေကရွာနေတာ ။စစ်ကြောင်းတွေက နှစ်ဖက်ညှပ်ထိုးတာဆိုတော့ အလုံပိတ်သလို ဖြစ်နေတာ ။ဖျားတဲ့သူတွေက ဖျားနေကြတယ်။ဆေးက မရှိနဲ့ အဲ့လိုဖြစ်နေကြတယ်”လို့ သူကဆိုပါတယ်။
အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ကလေး-တမူးလမ်းနဲ့ မုံရွာ-ယာကြီး-ကနီ-မင်းကင်းလမ်းတို့ဟာ အိန္ဒိယနိုင်ငံက ဦးဆောင်ဖောက်လုပ်မယ့် (အိန္ဒိယ-မြန်မာ-ထိုင်း) အဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အိန္ဒိယငွေ ရူပီး ခန့်မှန်း ၁၂ ဘီလီယံ အကုန်အကျခံကာ ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်က ပြန်လာပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့နဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ဆိုပြီး အာရှလမ်းမကြီးပေါ်က ကလေး-တမူးလမ်းကို အင်အားအလုံးအရင်းနဲ့ မြေပြင်ဝေဟင်စစ်ကြောင်းထိုးဗုံးကြဲနေသလို မုံရွာ-ယာကြီး-မင်းကင်း-ကလေးဝ လမ်းပေါ်မှာလည်း စစ်ကြောင်းထိုးနေပြီး စစ်အုပ်စုဘက်ကတော့ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးလို့ အမည်တပ်ကာ တရားဝင်ထုတ်ပြန် ကြေညာထားတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုရန်ကြောင့် ကလေး-တမူး အာရှလမ်းမကြီးတလျှောက် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စစ်အုပ်စု ဗုံးကြဲပြီး မြင်ကွင်းတချို့ /ဓာတ်ပုံ-ဒေသခံ



