
MN/MFP ၊ ဇွန် – ၂၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ မလှိုင်မြို့နယ် အစပ်ရှိ သဘွတ်ကုန်းကျေးရွာကို စစ်အုပ်စု ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တာကြောင့် လင်မယားနှစ်ယောက် သေဆုံးပြီး သမီးဖြစ်သူ ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
တောင်သာမြို့နယ် အရှေ့မြောက်ခြမ်းရှိ ရေခါးရွာဘုန်းကြီးက ရွာထဲကိုခေါ်သွင်းလာတဲ့ စစ်အုပ်စုတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ မလှိုင်မြို့နယ် အနောက်ခြမ်းရှိ သဘွတ်ကုန်းကျေးရွာထဲကို မနေ့က ဇွန် ၂၄ ရက် ည ၇ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တာပါ။



အဲဒီအနီးဝန်းကျင်မှာ မြေပြင်တိုက်ပွဲဖြစ်စဉ်မရှိဘဲ ကြဲချခဲ့တာလို့ လူထုသတင်းကွန်ရက်- မလှိုင်မြို့ သတင်းပြန်ကြားရေးရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“မနေ့က ရုံးစည်ကြီးကနေလာတဲ့ စစ်ကြောင်းက ရေခါးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ဘုန်းကြီးက ရွာကို စစ်တပ်လာထိုင်ဖို့ခေါ်ထားတာလို့တော့ ကြားတယ်။ ရွာမှာက တိုက်ပွဲလည်းမရှိဘူး၊ PDF လည်း မရှိပါဘူး။ ဗုံးသီးက အိမ်ပေါ်ကိုအတည့်ကျတာ။ လူလည်းသေသလို အိမ်လည်းပျက်သွားတာပေါ့” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုရဲ့ ဗုံးသီးဟာ သဘွတ်ကုန်းကျေးရွာက နေအိမ်ပေါ်ကို ကျပေါက်ကွဲခဲ့ပြီး အသက် ၄၀ ဝန်းကျင်အရွယ် လင်မယားနှစ်ယောက် သေဆုံးခဲ့ကာ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကတော့ ခြေထောက်မှာ ပြင်းထန်ဒဏ်ရာ ရခဲ့တာကြောင့် မလှိုင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက သဘွတ်ကုန်းရွာနဲ့ ထိစပ်နေတဲ့ တောင်သာနယ်ထဲက ရေခါးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတာကြောင့် ဒေသခံတွေဟာ ကျေးရွာထဲမှာ ကြောက်လန့်ပြီး နေထိုင်နေကြရတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
မလှိုင်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၅ ရက်လည်း စစ်အုပ်စုက တိုက်လေယာဉ် နှစ်စင်းနဲ့ သရက်ကောင်းပင် ကျေးရွာထဲကို တိုက်ပွဲဖြစ်စဉ်မရှိဘဲ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကျောင်းသား ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
မြင်းခြံခရိုင်၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မလှိုင်မြို့နယ်ထဲကို စစ်အုပ်စုက မကြာခဏ မြေပြင်စစ်ကြောင်းထိုး မီးရှို့တာတွေ ကျူးလွန်နေသလို ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာတွေကိုလည်း မကြာခဏ ကျူးလွန်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၅ ရက်က မလှိုင်နယ်ကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့စဉ်(ပုံဟောင်း)/ ဓာတ်ပုံ-ဒေသခံ



