စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်ခရိုင် PDF အစည်းအဝေးမှာ ခရိုင်ကွပ်မှူးရဲ့ PA က တပ်ရင်းမှူးတစ်ဦးကို ပစ်သတ်၊

ပစ်ခတ်တဲ့ ရဲဘော်ကို ဖမ်းဆီးထားတယ်လို့ PDF စစ်ရုံးချုပ် ထုတ်ပြန်၊

ဒေါ်လာ/MFP၊ ဇွန် – ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်တဲ့ PDF တပ်မှူးနဲ့ တပ်ဖွဲ့ဝင်တွေ အစည်းအဝေး ပြုလုပ်နေချိန် ခရိုင်ကွပ်ကဲရေးမှူးရဲ့ ကိုယ်ရေးအရာရှိ (PA) က PDF တပ်ရင်းမှူးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဇွန် ၂၆ရက် ဒီကနေ့ မွန်းလွဲပိုင်းအချိန် ယင်းမာပင်ခရိုင် PDF တာဝန်ရှိသူတွေ အစည်းအဝေး လုပ်နေချိန် ယင်းမာပင်ခရိုင် PDF ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ရဲ့ PA ရဲဘော် ငဖြိုးက ယင်းမာပင်ခရိုင် PDF အမှတ် ၆ တပ်ရင်းရဲ့ တပ်ရင်းမှူး ဖြစ်သူ ရဲဘော် ပုလဲမောင် ကို ပစ္စတိုသေနတ်နဲ့ ပစ်သတ်တာကြောင့် အခင်းဖြစ်နေရာမှာပဲ ကျဆုံးတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေ မပေါ်ပေါက်စေဖို့ စစ်ကိုင်းတိုင်း စစ်ဌာန တာဝန်ရှိသူတွေ ကွင်းဆင်းကာ စစ်ဆေးဆောင်ရွက်နေပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ -NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချူပ်က သတင်းထုတ်ပြန်ပါတယ်။

“ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် ရဲဘော် ငဖြိုးအား လက်နက်ဖြုတ်သိမ်း၍ ယင်းမာပင်ခရိုင် စစ်ဌာန အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါသည်။ ယခုဖြစ်စဥ်နှင့် ပတ်သတ်၍ အသေးစိတ်အခြေအနေများ သိရှိနိုင်စေရန်နှင့် မလိုလားအပ် သော နောက်ဆက်တွဲ ကိစ္စရပ်များ မဖြစ်ပေါ်စေရေး စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အနီးကပ် ကွင်းဆင်း ဆောင်ရွက်နေပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အထူးအလေးပေး ကိုင်တွယ်ဆောင်ရွက် သွားမည် ဖြစ်ပါသည်” လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

ယင်းမာပင်ခရိုင် PDF တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ဟာ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကျပ်သိန်း ၅၀၀၀ နဲ့ ကြေးစားအဖြစ် ငှားရမ်းတာကြောင့် PA ဖြစ်သူက အစည်းအဝေးမှာ ပစ်သတ်လိုက်တာလို့ ဗိုလ်စွမ်းသူမောင်က သတင်းမီဒီယာတချို့ကို ပြောကြားထားပါတယ်။

“ပုလဲမောင်က ဒီ ၂၂ရက်နေ့ပေါ့။ ၂၃ရက်နေ့က ကျောင်းကား၊ ဦးပဏ္ဍဝရဲ့ကားကို BNRA (ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာ အမျိုးသား တော်လှန်ရေး တပ်မတော်) ရဲ့ ကားဆိုပြီး ယူရောင်းစားလို့ ကျုပ်က ခေါ်ရှင်းတာ။ ခေါ်ရှင်းတော့ ကားက ရောင်းပြီးပြီဆိုလို့ အဲ့တာ ဘယ်လောက်ရလဲ၊ (သိန်း) ၂၀၀ (ရတယ်) ဆိုတော့ အဲ့တာ ပြန်ပေးဆိုပြီး တောင်းတာ။ ၂၈ရက်နေ့ ပြန်ပေးဆိုတာကို ၂၈ရက် မလုပ်ပါနဲ့၊ ၃၀ရက်နေ့ဆိုပြီးတော့ (ပြန်ပေးဖို့) ချိန်းတာပေါ့။ (နောက်လ) ၂ရက်နေ့ကျတော့ အပေါ်တက် (ခရီးသွား) မှာကိုး။ အဲ့ဒီမှာ (ပုလဲမောင်က) ဆိုင်ကယ် မပါလို့ဆိုပြီး ကျုပ်ရဲဘော်ကို လိုက်ပို့ခိုင်းတာ။ ကျုပ်ရဲဘော်က လိုက်ပို့တဲ့အချိန်မှာ လမ်းမှာ သူက တပ်ရင်းမှူး (ခရိုင်ကွပ်ကဲရေးမှူး)က ဘယ်နားနေတာတုန်း၊ ဘာညာ မေးတော့ ကလေး(လိုက်ပို့တဲ့ရဲဘော်)က ရိပ်မိသွားတော့ စကားကို လွှဲတာ။ ဆိုင်ကယ်ပေါ်က ဆင်းကာနီးကျတော့ ဗိုလ်စွမ်းကို သတ်ပေးပါ၊ သိန်း ၅၀၀၀ ပေးမယ်ဆိုပြီး ကျုပ်ရဲဘော်ကို ကြေးစားငှားလိုက်တာ။ ကလေးက တွေဝေးသွားတာပေါ့။ အဲ့နားတင် လုပ်လို့ရတယ်၊ မလုပ်ခဲ့ဘူး၊ ကျူပ်တို့ဆီ လာတုန်း ဖြစ်တယ်ဆိုတာမျိုး ဖြစ်မှာစိုးလို့ မလုပ်ခဲ့ဘူး။ ဒီနေ့ အစည်းအဝေးကျတော့ ပုလဲမြို့နယ် တပ်ရင်းတွေ အကုန်လုံး ခေါ်တဲ့အချိန်မှာ၊ ကျုပ်တို့ ခရိုင်စစ်ဌာနက လူတွေနဲ့ စကားပြောနေတဲ့ အချိန်မှာ အဲ့ကလေးက အဲ့ဒီ ပုလဲမောင်ကို သေနတ်နဲ့ ပစ်လိုက်တာပေါ့။ ကျုပ်က ကြောင်သွားတယ်။ ဟေ့ မင်းဘာဖြစ်လို့ လုပ်တာလဲဆိုတော့ ဆရာ့ကို သတ်ဖို့ သူက ကြေးငှားထားတာတဲ့။ အဲ့တာကြောင့် ကျနော်က လုပ်လိုက်တာတဲ့။ ကျနော်က လုပ်သင့်လို့ လုပ်တာတဲ့၊ အဲ့လို ဖြေတယ်”

အစည်းအဝေးမှာ ပစ်သတ်ခံရလို့ ကျဆုံးသူ ယင်းမာပင်ခရိုင် တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ဟာ တပ်ရင်းတာဝန်ခံ အဖြစ် အလုပ်လုပ်ကိုင်ရာမှာ တော်လှန်ရေးအတွက် အပြည့်အဝ အာရုံစိုက် လုပ်ကိုင်သူ ဖြစ်သလို သူ့စည်းဘောင်ထဲကနေ အလုပ်လုပ်တဲ့သူ ဖြစ်တယ်လို့ ကျဆုံးသူ PDF တပ်ရင်းမှူး ပုလဲမောင် နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗိုလ်နဂါးနဲ့ နီးစပ်သူ ဘုန်းကြီးရဲ့ကားကိစ္စကိုတော့ အတိအကျ မသိရဘဲ လက်ရှိမှာ တပ်ရင်းမှူး အဖြစ်ကနေ စစ်ကိုင်းတိုင်းစစ်ဌာနကို ပြောင်းရွှေ့ရတော့မှာမို့ သူ့ကို ချောင်ထိုးခံရတယ်လို့ ပုလဲမောင်က ရင်ဖွင့်ဖူးတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် သိန်း ၅၀၀၀ နဲ့ ကြေးစားငှားတယ်ဆိုတဲ့ ဗိုလ်စွမ်းရဲ့ ပြောဆိုချက်ဟာ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်နိုင်တယ်လို့ ပုလဲမာင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“တပ်ရင်းမှူးတစ်ယောက်က တခြားတပ်ရင်းက ရဲဘော်တစ်ယောက်ကို သူတို့ရဲ့ တပ်ရင်းမှူးကို ပြန်သတ်ဖို့ စည်းရုံးမယ် မဟုတ်ဘူးဆိုတာကိုတော့ ကျနော် အဲ့တာတော့ အာမခံနိုင်တယ်။ ဘာလို့လဲဆိုတော့ ကိုပုလဲမောင် ဘယ်လိုလူလဲဆိုတာ ကျနော် ကောင်းကောင်းသိနေလို့ပဲ။ အခု တက်နေတဲ့ သတင်းအရဆိုရင် ဗိုလ်စွမ်းတို့ ဘက်ကနေ (သတင်း) လက်ဦးမှု ယူပြီး အသံဖိုင်တွေ ပို့နေတယ်၊ ဗီဒီယိုဖိုင်တွေ ပို့နေတယ်လို့ ထင်တယ်”

တော်လှန်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရင်း ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ စစ်မြေပြင်မှာ ကျဆုံးရတာ မဟုတ်ဘဲ အချင်းချင်း ပစ်သတ်ခံရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ ကျဆုံးသူ တပ်ရင်းမှူးပုလဲမောင်နဲ့ နီးစပ်သူတွေက လူမှုကွန်ယက်မှာ ဝမ်းနည်းကြောင်း ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လကလည်း မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသမှာ PDF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြင်းခြံခရိုင် PDF တပ်ရင်း(၅) – MG-6 ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကျဆုံးခဲ့ပါတယ်။

အစည်းအဝေးမှာ ပစ်သတ်ခံရတဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်/Photo – ရဲဘော်တစ်ဦး

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲမောင်

Related Articles

Back to top button