စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ပလဖ ကို PDF တွေ စီးနင်းဖမ်းဆီးမှု အထက်ညွှန်ကြားချက် မပါဘဲ လုပ်တာမို့ အရေးယူမယ်လို့ MOHAI ဒုဝန်ကြီး ပြော၊

ပလဖ ခေါင်းဆောင် အပါအဝင် ရဲဘော် ငါးဦးနဲ့ ပြည်သူနှစ်ဦး သေဆုံးဟုဆို၊

MN/MFP ၊ ဇွန် – ၃၀

အမျိုးသား ညီညွတ်​ရေးအစိုးရ – NUG၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန – MOHAI လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို မနေ့က ညနေပိုင်း မုံရွာခရိုင် PDF တပ်ရင်းတွေက စီးနင်းဝင်ရောက် ဖမ်းဆီးရာမှာ ပစ်ခတ်မှုဖြစ်ပြီး ပလဖ ခေါင်းဆောင် အပါအဝင် ရဲဘော် ငါးဦးနဲ့ ပြည်သူ နှစ်ဦး၊ စုစုပေါင်း ခုနှစ်ဦး သေဆုံးတယ်လို့ MOHAI ဒုတိယဝန်ကြီး ဦးကျော်နီက MFP ကို ပြောပါတယ်။

ဇွန် ၂၉ရက် ညနေ ၅နာရီဝန်းကျင်မှာ မုံရွာနယ်အတွင်းရှိ မုံရွာမြို့နယ် ပလဖ စခန်းကို မုံရွာခရိုင် PDF တပ်ရင်း ငါးရင်း ပူးပေါင်းကာ စီးနင်းဖမ်းဆီးခဲ့တာ ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

NUG လက်အောက်ရှိ လက်နက်ကိုင် အချင်းချင်း ဖမ်းဆီးတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ ယခု ဖြစ်စဉ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန – MOD ရဲ့ ညွှန်ကြားချက် မပါဘဲ မြေပြင်တပ်ဖွဲ့တွေက သူတို့သဘောနဲ့သူတို့ ဝင်ရောက် ဖမ်းဆီးတာ ဖြစ်တယ်လို့လည်း MOHAI ဒု-ဝန်ကြီး ဦးကျော်နီက MFP ကို ပြောပါတယ်။

“မုံရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ MoD ရဲ့ ညွှန်ကြားချက်နဲ့ လုပ်တယ်ဆိုတာကတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ သိသလောက်ကတော့ MoD ရဲ့  ညွှန်ကြားချက်မပါဘူးလို့ သိရပါတယ်။ ပြီးတော့ ဒီလုပ်ရပ်ကလည်း ကျွန်တော်တို့ လက်ခံနိုင်စရာ မရှိပါဘူး။ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီမှာ ပါဝင်ပတ်သက်တဲ့သူတွေကိုတော့ အရေးယူဖို့ လိုပါတယ်။ အရေးယူရမှာပေါ့နော်။ ပြည်သူလူလူထုလည်း ထိခိုက်တယ်။ ပြီးတော့ ဒါဟာ လုပ်ပိုင်ခွင့် ကျော်လွန်လုပ်ကိုင်နေတဲ့ ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့် ဒါဟာ အရေးယူရမှာပါ။ မုံရွာမြို့နယ် ပလဖနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကြောင့် အရေးယူတယ်ဆိုလို့ရှိရင်၊ တိုင်ကြားချက်တွေ ရှိလို့ရှိရင်လည်း ဒါဟာ သူတို့မှာ အရေးယူပိုင်ခွင့် မရှိဘူးပေါ့နော်။ ကျွန်တော်တို့ ထပ်ပြီးတော့ တင်ပြရမယ်။ တင်ပြပြီးတော့မှသာလျှင် ဒီလိုမျိုး ကိုယ့်ရဲ့ NUG အတွင်းထဲက အဖွဲ့အစည်းတွေကို အရေးယူဖို့ ဆိုလို့ရှိရင် ပြည်ထောင်စုအဆင့်မှာ ကျွန်တော်တို့ ညှိနှိုင်း ဆွေးနွေးပြီးတော့ နောက်ဆုံး ဆုံးဖြတ်ပြီးတော့မှ ဒီဆုံးဖြတ်ချက်နဲ့အညီ ခေါ်ယူထိန်းသိမ်းတာဖြစ်စေ၊ နောက်ဆုံး အရေးယူတာဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ဒီညွှန်ကြားချက်နဲ့အညီ စနစ်တကျ သွားရမှာပေါ့နော်။ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ ပြည်သူတိုင်လို့ ဆိုပြီးတော့ ဒီလိုမျိုး လုပ်တယ်ဆိုတာမျိုး ကျွန်တော်တို့ ခွင့်ပြုလို့ မရဘူး။ ကျွန်တော်တို့ဆီကိုတော့ (မုံရွာ-ပလဖနဲ့ပတ်သက်ပြီး) ဒီလိုမျိုး တိုင်ကြားချက်တွေတော့ ရောက်မလာဘူးပေါ့။ ရောက်မလာပါဘူး။ ဒီလို အခု ဝင်ရောက်စီးနင်းခဲ့တဲ့ တပ်ရင်း၊တပ်ဖွဲ့တွေကို တကယ်လို့ ညွှန်ကြားခဲ့သူတွေ ရှိလို့ရှိရင် ညွှန်ကြားတဲ့ သူတွေကိုတော့ PDF စစ်ရုံးချုပ်ရဲ့ သူ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်ပြီးတော့ အရေးယူရမှာပေါ့။ ဒါကတော့ တာဝန်ခံရမှာပဲ။ ကိုယ်လုပ်တဲ့လုပ်ရပ်အတွက်တော့ တာဝန်ခံရမှာပဲ။ တာဝန်ယူရမှာပါ”

အဲ့ဒီ စီးနင်း ဖမ်းဆီးမှူ ဖြစ်စဉ်မှာ မုံရွာမြို့နယ် ပလဖ ခေါင်းဆောင် အပါအဝင် ရဲဘော် ငါးဦးနဲ့ ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဦးကျော်နီက အတည်ပြုပြောကြားပါတယ်။

“ကျွန်တော်တို့ ကြားထားတာကတော့ ခရိုင်ကွပ် (မုံရွာခရိုင် PDF ကွပ်ကဲရေးမှူး) ညွှန်ကြားချက် မပါဘူးလို့ သိရတယ်။ အကယ်၍ သူ့ (ခရိုင်ကွပ်) ညွှန်ကြားချက်နဲ့ ဆိုရင်လည်း သူတာဝန်ခံရမှာပေါ့။ သူတို့ ညွှန်ကြားချက်ဆိုရင်လည်း သူတို့မှာ တာဝန်ရှိပါတယ်။ သတင်းတွေကတော့ မျိုးစုံ ထွက်နေတာပါပဲ။ သေချာတာကတော့ NUG ကွပ်ကဲမှုအောက်က လက်နက်ကိုင်အချင်းချင်း အထက်အမိန့် မပါဘဲ စီးနင်းစရာ အကြောင်းကို မရှိပါဘူး။ ခရိုင်ကွပ်မှာလည်း အဲဒီလို လုပ်ပိုင်ခွင့် မရှိပါဘူး။ ဒီကိစ္စတွေက ပြည်ထောင်စုအဆင့် ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ပြီးမှ လုပ်ရမယ့်ကိစ္စပါ” လို့ ဦးကျော်နီက ပြောပါတယ်။

NUG အနေနဲ့ မြို့နယ်နဲ့ ခရိုင်အဆင့်တွေမှာ ပသုံးလုံးလို့ ခေါ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – ပအဖ နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တွေကို ဖွဲ့စည်းထားပြီး ပလဖ နဲ့ ပအဖ ကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန – MOHAI က ကိုင်တွယ်ကာ ပကဖ ကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာန – MOD အောက်မှာ ထားရှိတာ ဖြစ်ပါတယ်။

မုံရွာမြို့နယ် ပလဖ ခေါင်းဆောင် ကိုအားကူးနဲ့ အဖွဲ့ဟာ ပြန်ပေးဆွဲမှု အပါအဝင် ရာဇဝတ်မှုတချို့ ကျူးလွန်မှုရှိကြောင်း ပြည်သူရဲ့ တိုင်ကြားမှုကြောင့် မုံရွာခရိုင် PDF တပ်ရင်းတွေက မနေ့က ညနေပိုင်းမှာ ပလဖ စခန်းကို စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဖမ်းဆီးမှု ဖြစ်စဉ်မှာ မုံရွာမြို့နယ် ပလဖ ခေါင်းဆောင် အပါအဝင် ရဲဘော်နဲ့ ပြည်သူတွေ သေဆုံးတာ မရှိဘဲ ဒဏ်ရာရသူတွေသာ ရှိတယ်လို့လည်း အမည်မဖော်လို့တဲ့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

မုံရွာမြို့နယ် ပလဖ စခန်းကို PDF တွေက စီးနင်းဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး လူသူထိခိုက်သေဆုံးမှု အခြေအနေကို MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG နဲ့ MOD ဘက်ကလည်း တစုံတရာ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

မုံရွာမြို့နယ် ပလဖ ခေါင်းဆောင် ကိုအားကူးနဲ့ ပလဖ ရဲဘော်တွေ/Photo – အားကူး fb

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ပလဖ

Related Articles

Back to top button