ချောက် တိုက်ပွဲ တော်လှန်ရေး ရဲဘော် ၂၀ ကျော် ကျဆုံး၊

ချောက်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ရွာ ၁၁ရွာ မီးရှို့ကာ ပြည်သူ ၁၀ ဦး သတ်ဖြတ်ပြီးဖြစ်၊
PDF တွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် စစ်အုပ်စု အကြီးအကျယ် အောင်ပွဲခံ၊
အီသာရမ်၊ Phoenix/MFP၊ ဇူလိုင် – ၁၀
မကွေးတိုင်း၊ ချောက်မြို့နယ် တောင်ပိုင်းမှာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တဲ့ အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်း ဇူလိုင် ၁၀ရက် ဒီမနက်ပိုင်း တော်လှန်ရေး ရဲဘော် ၂၃ ဦး ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကျဆုံးရဲဘော်တွေဟာ မကွေးခရိုင် PDF တပ်ရင်း ၃ နဲ့ ခရိုင် ပကဖ က ရဲဘော်တွေ ဖြစ်ပြီး အများစုက ဖမ်းဆီး ခံရပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်ကာ ရဲဘော်တချို့ကတော့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဇွန်လ တတိယပတ်က စတင်ပြီး ဝါဇီ ငွေထုတ်စက်ရုံ ဂိတ်အစောင့် စစ်အုပ်စု၊ ပုဂံ – ညောင်ဦးမြို့ပေါ်က စစ်အုပ်စုနဲ့ စလေမြို့ရှိ စစ်အုပ်စုတို့ ပေါင်းကာ အင်အား ၃၀၀ ခန့်နဲ့ ချောက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၀ရက် ဒီကနေ့ မနက်ပိုင်း ချောက်နယ်တောင်ပိုင်း ဆက်လက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်တွေ ချောင်းမြောင်းတိုက်ခိုက်ခံရကာ အထက်ပါ အတိုင်း ရဲဘော် ၂၀ ကျော် ကျဆုံးတာလို့ ဆိုပါတယ်။
“ပွဲဖြစ်တဲ့အချိန်မှာ လေကြောင်းနဲ့ ထိတာတွေလည်း ရှိတယ်၊ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်၊ တိုက်ပွဲ ဖြစ်တာက စလေမြို့နဲ့ ရေနံချောင်းကြားမှာ၊ အများဆုံးကျတာက မကွေးခရိုင် ရင်း-၃နဲ့ ခရိုင် ပကဖက ရဲဘော်တွေပါ၊ လေယာဉ်က သုံးရက်လောက်က တော်တော်ကြဲတယ်၊ ဒီနေ့တင်ကို နှစ်စီး၊ သုံးစီးလောက် လာတယ်” လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာအနီး စစ်အုပ်စုက ဖုန်းဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပြီးနောက် တော်လှန်ရေး ရဲဘော်တွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ဗုံးကြဲ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။
“(ရဲဘော်တွေ) သတိပေါ့ဆတာ မဟုတ်ပါဘူး။ သူတို့ (စစ်အုပ်စု)ဘက်က ကင်းထောက် drone (ဒရုန်း) တွေ အားသာပါတယ်။ အဲ့ဒါကြောင့် ပေးဆပ်ရတာပါ” လို့ အမည်မဖော်လိုတဲ့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက တော်လှန်ရေး ရဲဘော်တွေကို ဖမ်းဆီးပြီးမှ သတ်ဖြတ်တာဖြစ်လို့ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင့် လေကြောင်းဗုံးကြဲခံရမှုကြောင့် ထိခိုက် ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တော်လှန်ရေး ရဲဘော် ၂၀ ကျော် ကျဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ ဇူလိုင် ၁၀ရက် ဒီမနက်ပိုင်း စလေမြို့နယ်၊ တောင်သာရွာအနီးမှာ PDF တွေကို စစ်အုပ်စုနဲ့ ရဲကွန်မန်ဒို ပူးပေါင်းအဖွဲက တိုက်ခိုက်ခဲ့ရာ PDF အလောင်း ၂၀ ကျော်၊ သေနတ်မျိုးစုံ ၂၀ လက်၊ ခဲယမ်းနဲ့ စစ် အသုံးအဆောင်တွေ သိမ်းဆည်းရမိတယ်လို့ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ချောက်မြို့နယ်ဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက် နယ်မြေတစ်ခု ဖြစ်သလို စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းခေါ် လက်နက်စက်ရုံ (ကပစ) တွေ တည်ရှိတာ၊ ငွေထုတ်စက် ဝါဇီစက်ရုံ တည်ရှိတာနဲ့ ရေနံတွင်းတွေ ရှိကြောင့် စစ်အုပ်စုက ယခုလတွေအတွင်း ချောက်နယ်ထဲ စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ချောက်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဇွန်လကုန်ပိုင်းကနေ ယခု ဇူလိုင် ၁၀ရက် အထိ ကျေးရွာ ၁၁ ရွာ မီးရှို့ဖျက်ဆီးပြီး ဖြစ်သလို ဒေသခံ အရပ်သားပြည်သူ ၁၀ဦး ထက်မနည်း ကိုလည်း သတ်ဖြတ် ခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ချောက်မြို့နယ်ရှိ ဆူးတော၊ ရွာမ၊ ညောင်ဇင်၊ လေးပင်ကုန်း၊ ညောင်ချောင်း၊ ၀င်္ကဘာ၊ ပွင့်လင်း၊ ဆူးရစ်ကန် စတဲ့ ကျေးရွာ ၁၁ရွာက အိမ်ခြေ ရာနဲ့ချီကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို တွေ့သမျှပြည်သူကို ဖမ်းဆီးပြီး ဓားစာခွ လူသားဒိုင်းကာအဖြစ် အသုံးချတာ၊ ၁၀ ဦးကျော်ကို သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ချောက်မြို့နယ်အတွင်း သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရ ပြီး တောတောင်ထဲ ရက်ရှည်စစ်ရှောင်နေရတာကြောင့် ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ ကျန်းမာရေး ဆိုးရွားနေသလို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေးရောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“တချို့ရွာတွေက တောထဲရှောင်ရတာ ၁၃ ရက်လောက် ရှိပြီဆိုတော့ ရက်ကြာလာတော့ ကျန်းမာရေး ကတော့ ထိကြတယ်။ ကလေးတွေလည်း အဖျားအနာ ထူနေတယ်။ အဖွားအိုတစ်ယောက်ဆို တောထဲ ရှောင်ရင်း လေဖြတ်သွားရှာတယ်။ ရှောင်ရတဲ့ နေရာတွေကလည်း ကွဲနေကြတော့ ဆေးဝါးတော့ မရှိကြတာ များတယ်” လို့ စစ်ရှောင်ကူကယ်ရေး လုပ်ဆောင်နေသူတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ရွာမီးရှို့၊ လူသတ်၊ လုယက်ရုံမကဘဲ တချို့ရွာတွေမှာ စစ်ရှောင်နေတဲ့ ရွာခံတွေကို ရွာထဲ ပြန်ဝင်ခိုင်းပြီး ဟောပြောစည်းရုံးတာ၊ ကျောင်းတွေ ပြန်ဖွင့်ခိုင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက တစ်ရွာပြီးတစ်ရွာ အစည်းအဝေး လုပ်တယ်။ မီးရှို့တဲ့ရွာလည်း ရှို့တယ်။ …။ အိမ်ခြေနည်းနည်းပဲ ရှို့ခံရတဲ့ရွာ ရှိသလို၊ ရွာလုံးကျွတ်နီးပါး ရှို့ခံရတဲ့ရွာတွေလည်း ရှိတယ်။ ဒီထဲမှာမှ တစ်ရွာဆို မီးလောင်ဗုံးပါ ချခံရတာ။ လူသားဒိုင်း အနေနဲ့ကတော့ သူတို့နဲ့ တွေ့တဲ့သူတွေကို ခေါ်ထား ဖမ်းထားတာ ရှိတယ်။ ပြန်လွတ်လာတဲ့သူတွေ ရှိသလို၊ ဖမ်းခေါ်သွားတုန်း လူတွေလည်း ရှိသေးတယ်၊ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” လို့ အထက်ပါ စစ်ရှောင် ကူကယ်ရေး လုပ်နေသူက ပြောပါတယ်။

ချောက်မြို့ရှိ စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၁၃ ထဲက ထွက်လာပြီး ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို ဇွန်လနောက်ဆုံးပတ်အတွင်း မကွေးခရိုင်စစ်ဌာန စုဖွဲ့မှုစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇောင်းတောကန်၊ လေးပင်ကုန်းနဲ့ မြေနီလိန်ကျေးရွာတွေ အနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၀ ယောက် သေပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ချောက်မြို့နယ်မှာ စစ်အုပ်စုက တော်လှန်ရေး ရဲဘော် ၂၀ ကျော်ကို သတ်ဖြတ်ပြီးနောက် အောင်ပွဲခံ သတင်းဖြန့်စဉ်နဲ့ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေ/Photo – စစ်အုပ်စု၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချောက် #မန္တလေး #ဝါဇီစက်ရုံ



