
MN/MFP ၊ အောက်တိုဘာ – ၂၃
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်ဖို့ ထွက်ပြေးသွားလာနေတဲ့ ဒေသခံပြည်သူတွေအပေါ်ကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းမှာ ငါန်းဇွန်မြို့ပေါ်ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်အုပ်စု စစ်ကြောင်းဟာ ငါန်းဇွန်-မြို့သာ ကားလမ်းဘေးမှာရှိတဲ့ နတ်သားတောရွာမှာ အထိုင်ချတပ်စွဲကာ အနီးက ဂျိုစံပြကျေးရွာနဲ့ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ ၁၂၀ မမ ဗုံးသီးရှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်ဖို့ ထွက်ပြေးနေတဲ့ ဒေသခံတွေကိုပါ ဗုံးစထိမှန်ကာ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။



“ဗုံးကြဲတာက မနက် ၆ နာရီလောက်ကနေ နေ့ခင်း ၁၂ နာရီကျော်လောက်ထိ ရှစ်လုံး ကြဲသွားတာ။ အဲဒီမှာ ဂျိုကျေးရွာကနေ စစ်ဘေးရှောင်ပြေးလာကြတဲ့သူတွေထဲက အမျိုးသားတစ်ဦး လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ စစ်ဘေးရှောင်သွားနေရင်း အစထိမှန်ပြီးတော့ သေဆုံးသွားတယ်။ အခုလည်း စစ်ကြောင်းက အဲဒီရွာ(နတ်သားတော)ထဲမှာပဲ ရှိနေသေးတယ်ဗျ။ ပြန်မထွက်သေးဘူး”လို့ ဂျိုကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဂျိုစံပြကျေးရွာက အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်ဒေသခံလေးဦး ထိခိုက်ဒဏ်ရာတွေ(မစိုးရိမ်ရ) ရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စု ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ အမျိုးသားကိုတော့ မြေပြင်စစ်ကြောင်းရှိနေသေးတာကြောင့် အောက်တိုဘာ ၂၀ ရက်မှာပဲ နေ့ချင်းသင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် နတ်သားတောရွာထဲမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတွေက အဲဒီကျေးရွာထဲက ဒေသခံ ပြည်သူတွေပိုင်ဆိုင်တဲ့ ထော်လာဂျီတွေ၊ ရိတ်သိမ်းထားတဲ့ သီးနှံတွေနဲ့ စားသုံးဆီ စတာတွေအပါအဝင် အခြား တန်ဖိုးကြီးပစ္စည်းတွေကိုလည်း လုယက်ယူဆောင်ပြီး ငါန်းဇွန်မြို့ပေါ်ကို ပို့ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းက နတ်သားတောကျေးရွာထဲမှာ အထိုင်ချတပ်စွဲထားတာကြောင့် ငါန်းဇွန်-မြို့သာ လမ်းဘေးဝဲယာမှာရှိတဲ့ ဂျို၊ အနောက်တော၊ လေးထောင့်ကန်၊ ပျော်ဘွယ်၊ တယ်ပင်၊ ထွန်းသာ၊ မကျီးကုန်း၊ မြောက်ကျင်း၊ တောင်လယ်တော၊ ရွာသာ စတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငါန်းဇွန်-မြို့သာ လမ်းဘေးဝဲယာက ကျေးရွာတွေဟာ ငါန်းဇွန်မြို့ပေါ်မှာ အထိုင်ချနေတဲ့ စစ်အုပ်စုနဲ့ပျူတွေ ရိက္ခာပြတ်ငတ်လာချိန်မှာ စစ်ကြောင်းထွက်လာပြီး ဒရုန်းနဲ့ ဗုံးသီးချ ဝင်ရောက်စီးနင်းလုယက်တာ၊ ဒေသခံတွေကို ဖမ်းဆီးတာ၊ နေအိမ်မီးရှို့တာတွေ မကြာခဏ ကျူးလွန်ခံနေရတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၁၀လ အတွင်းမှာ စစ်အုပ်စုဟာ ငါန်းဇွန်နယ်ထဲကို ဂျိုင်ရိုကော်ပတာတွေ၊ဒရုန်းတွေနဲ့ လူစည်ကားရာဘုရားပွဲတွေ၊ စစ်ရှောင်တွေရှိတဲ့ဘုန်းကြီးကျောင်းတွေနဲ့ တောင်ယာလုပ်ငန်းခွင်တွေကို ဗုံးပတ်ကြဲခဲ့ပြီး အခုအခါ စစ်ဘေးတိမ်းရှောင်ဖို့ ထွက်ပြေးနေတဲ့ ပြည်သူတွေပါ ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၆ ရက်ကလည်း ငါန်းဇွန်-မြို့သာ လမ်းဘေးက စစ်ဘေးရှောင်တွေရှိနေတဲ့ ရွာသစ်တော တောရဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် သက်တော် ၆၀ ကျော်အရွယ် ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ ကလေးငယ်အပါဝင် ဒေသခံလေးဦး သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်ကလည်း ငါန်းဇွန်နယ်အနောက်ခြမ်းက ကုလကျေးရွာကို စစ်အုပ်စု Mi-35 နဲ့ လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
ငါန်းဇွန်နယ်ထဲမှာ အခု ၂၀၂၆ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ ၂၀ ရက်ထိ ၁၀ လဝန်းကျင်အတွင်း စစ်အုပ်စု လေကြောင်းက ဗုံးကြဲလို့ သံဃာတော်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအပါအဝင် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၁၄၀၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၆၂ ဦးသေဆုံးခဲ့ကာ စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၁၇ခု ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင် ငါးဇွန်နယ်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ ငါန်းဇွန်နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု(ပုံဟောင်း) /Photo – ဒေသခံ



