မကွေးသတင်းအညာမြေ တော်လှန်ရေး

မြိုင်နယ် ရေနံမှော်ကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ ကလေးငယ်တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာပြင်းထန်၊

အီသာရမ်/MFP၊ အောက်တိုဘာ-၂၃

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ရေနံမှော်အနီးကို ဒီကနေ့ အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲပြီး ရော့ကတ် (Rocket) နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက်ရှစ်နှစ် အရွယ် ကလေးတစ်ဦး သေဆုံးကာ ငါးဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မြိုင်နယ် ရေနံမှော်တွေဘက် အင်အား ၅၀၀ ထက်မနည်း အသုံးပြုကာ စစ်ကြောင်းထိုးနေတာ ခြောက်လခန့်ကြာ ရှီလာပြီး ဒေသခံ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်လို့ မြေပြင်တိုက်ပွဲ အထိနာ အသေများကာ ရှေ့ဆက်မတိုးနိုင် ဖြစ်နေချိန် ရေနံမှော်၊ရေနံတွင်းတွေကို ပစ်မှတ်ထားကာ နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၃ ရက် ဒီနေ့ မနက် ၁၀နာရီကျော်အချိန် မြိုင်မြို့နယ် ကျောက်ခွက်ရွာနဲ့ ရေနံမှော် အစပ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်ကြဲပြီး ရော့ကတ်နဲ့ပါ အတွဲလိုက်ပစ်ခတ်တာကြောင့် ရေနံလုပ်ငန်း လုပ်ကိုင်နေသူတွေ ထိမှန်ကာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ကိုယ်ခန္ဓာအပိုင်းပိုင်းဖြစ်ကာ ရှာမတွေ့တော့ဘဲ လက်နဲ့ခြေထောက်အပိုင်းအစပဲ ကောက်ယူလို့ ရတော့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးတစ်ယောက်ကတော့ ဆုံးသွားတာပေါ့၊ ဘယ်သူဘယ်ဝါမှန်းတောင် မသိရတော့ဘူး။ လက်၊ ခြေထောက်လေးတွေပဲ တွေ့ရတော့တာ၊ ထိခိုက်ဒဏ်ရာရတာက ဗိုက်ထိတဲ့တစ်ယောက်ကလည်း မျက်ဖြူစိုက်နေပြီ၊ တစ်ယောက်ကတော့ ခြေထောက်ဖြတ်ရလောက်တယ်”

စစ်အုပ်စုက နှစ်နေရာကို ဗုံးကြဲ၊ ပစ်ခတ်တာဖြစ်ပြီး ရေနံမှော်တွေအနီး တစ်နေကုန်နီးပါး လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲတာဖြစ်ပြီး ယခု ဗုံးကြဲတဲ့နေရာတွေဟာ တိုက်ပွဲဖြစ်တဲ့ နေရာတွေ မနီးစပ်ဘဲ အလှမ်းဝေးကွာတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြိုင်မြို့နယ်ရှိ ရေနံမှော်၊ ရေနံတွင်းတွေကို ဖျက်ဆီးမီးရှို့နိုင်ဖို့ ပြီးခဲ့တဲ့ သင်္ကြန်အပြီး မေလက စတင်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လို့ အထိနာကာ ကျောက်ခွက်ရေနံမှော်အနီး တဲကြီးကျေးရွာထဲ ပိတ်မိနေတာ နှစ်လခန့် ကြာမြင့်နေပြီဖြစ်ပါတယ်။

အဲဒီ စစ်အုပ်စု စစ်ကြောင်း ရှေ့ဆက်ဖို့အတွက် ပခုက္ကူကတဆင့် အင်အား အများအပြား စစ်ကူပို့လွှတ်နေပြီး စစ်ကူစစ်ကြောင်းဟာ မြိုင်မြို့နယ် တောင်ပိုင်း ရောက်ရှိကာ ကျေးရွာတွေကို စီးနင်းလုယက်၊ အစာရိက္ခာ စုဆောင်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မြေပြင်စစ်ကြောင်းတွေ ဝင်ရောက်ပြီး ကျေးရွာတွေကို စီးနင်းလုယက်တာ၊ ပြည်သူကို ရန်ပြုတာ၊ လေကြောင်းဗုံးကြဲတာတွေကြောင့် မြိုင်မြို့နယ် ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

မြိုင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ငါးလကျော်အတွင်း ကျေးရွာ ၁၁ရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ကာ အဲ့ဒီကျေးရွာတွေက လွတ်အောင်မပြေးနိုင်တဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

မြိုင်နယ် ရေနံမှော်ကို စစ်အုပ်စု ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မြိုင်နယ် #ရေနံမှော်ရေနံတွင်း #မကွေး

Related Articles

Back to top button