
ပြည်သူ အလောင်း ၁၃ လောင်းလည်း တွေ့ထားပြီး စစ်အုပ်စုက ဆက်လက် စစ်ကြောင်းထိုး မီးရှို့နေ၊
အီသာရမ်/MFP၊ ဇူလိုင်-၂၂
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ဒီကနေ့ မနက်ပိုင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်လို့ နေအိမ်တွေထဲ ကျရောက်ပေါက်ကွဲကာ ပြည်သူ လင်မယားနှစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဇူလိုင် ၂၂ ရက် ဒီကနေ့ မနက်ပိုင်း မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ သင်းမကျေးရွာကို စီးနင်းလုယက်၊ မီးရှို့နေရင်း အနီးဝန်းကျင် ကျေးရွာတွေကို ၈၁ မမ အမျိုးအစား လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်ခဲ့ရာ သင်းမရွာနဲ့ လေးမိုင်ခန့်အကွာရှိ ဝက်ဖိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ရွာခံပြည်သူ လင်မယားနှစ်ဦး သေဆုံးတာလို့ ဆိုပါတယ်။
“ဒီနေ့မနက် စောစောက သင်းမရွာကို မီးရှို့ပြီးတော့ သင်းမရဲ့ အနောက်တောင်လမ်းဆုံဘက် ထွက်ပြီး ၈၁ နဲ့ အနောက်ကို လှည့်ပစ်လိုက်တာ။ ဝက်ဖိုးရွာထဲ ကျပြီးတော့ လင်မယားနှစ်ယောက် ဆုံးပြီးတော့ ဒဏ်ရာရကလည်း သုံးလေးယောက် ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ထိလို့ ထိခိုက်ဒဏ်ရာရသူတွေ ဆေးဝါးကုသနိုင်ဖို့ ကြိုးစားနေပြီး စစ်အုပ်စု ရန်ကြောင့် သင်းမနဲ့ ဝက်ဖိုးရွာ အပါအဝင် ဒေသခံတွေ ထွက်ပြေးနေကြရကာ အနီးဝန်းကျင် ကျေးရွာက ပြည်သူတွေလည်း ရှောင်ရှားနေကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေး ထားပါတယ်။
စစ်အုပ်စုဟာ ဇူလိုင် ၂၁ ရက်ကတည်းက သင်းမကျေးရွာကို ရောက်ရှိကာ ဒီကနေ့ မနက်ပိုင်းအထိ မီးရှို့ ဖျက်ဆီးနေတာ ဖြစ်ပြီး ရွာလုံးကျွတ် မီးလောင်ပျက်စီးနေပြီလို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဇူလိုင် ၁၂ရက်နောက်ပိုင်း ၁၀ရက်တာအတွင်း ဒါဇင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဇူလိုင် ၂၁ရက် မနေ့က မြိုင်နယ် ကွန်လပ်၊ ဘောတုံနဲ့ သံချောင်းကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးပြီးနောက် ပြန်ထွက်သွားချိန် ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှု့ရာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ ဒေသခံပြည်သူ ရှစ်ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောတယ်။
ဒါ့အပြင် ယခင်နေ့တွေက မြိုင်နယ်ရှိ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမနဲ့ ဝါးရင်းချိုင် ကျေးရွာတွေမှာလည်း အဲ့ဒီ စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်ကာ စွန့်ပစ်ခဲ့တဲ့ ဒေသခံပြည်သူ ငါးဦးရဲ့ အလောင်းတွေ တွေ့ရှိထားတာကြောင့် စုစုပေါင်း ဒေသခံပြည်သူ ၁၃ဦးရဲ့ အလောင်းတွေ တွေ့ရှိထားသလို ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်သွားပြီးနောက်ပိုင်း အခုလိုရုပ်အလောင်းတွေ တွေ့ရှိထားချိန်မှာ ဘောတုံကျေးရွာနဲ့ ကွန်လပ်ကျေးရွာတို့က ပြည်သူနှစ်ဦးလည်း ပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ကိုင်းရိုး၊သံချောင်းနဲ့ဘောတုံးကျေးရွာတို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒီကနေ့မနက်ပိုင်းအထိလည်း ဘောင့်ဘင်ကျေးရွာကတဆင့် သင်းမကျေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

မနေ့က ဘောင့်ဘင်ကျေးရွာနဲ့ သင်းမကျေးရွာကြားကို စစ်ကြောင်းရောက်ရှိချိန်မှာတော့ တော်လှန်ရေး တပ်တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ စစ်အုပ်စုက Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့လည်း မကြာခဏ လာရောက် ပစ်ခတ်နေပြီး စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေကြတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်ကလည်း မြိုင်မြို့နယ် တောင်ပိုင်း စက်မှု-၂ ကို စစ်အုပ်စုက Mi17 ရဟတ်ယာဉ်နဲ့ အင်အား ဖြည့်ထားပြီး စစ်ကူပေးဖို့ အဆင်သင့် ထားရှိထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုက လူသတ်၊ လုယက်၊ မီးရှို့၊ ဖမ်းဆီးရန်ပြုနေလို့ သင်းမ၊ ဂျုတ်ကုန်း၊ မန်းကျည်းကုန်း၊ ဆိတ်ချေး စတဲ့ ကျေးရွာတွေ အပါအဝင် မြိုင်နယ်တောင်ပိုင်း ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

မြိုင်နယ်ထဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုက ဇူလိုင် ၂၂ရက် ဒီမနက်ပိုင်း ဝက်ဖိုးကျေးရွာကို လက်နက်ကြီးနဲ့ ထုသတ်လို့ သေဆုံးတဲ့ ပြည်သူ လင်မယားနှစ်ဦး/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #မြိုင်



