သတင်း

မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေသာမက ကမ္ဘာတဝှမ်းရှိ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ တရားမျှတမှု ရရှိရေးအတွက် အရေးပါတဲ့ စံနမူနာ စီရင်ထုံးလို့ HRW ပြော၊

ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှု ICJ စီရင်ချက်ကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် ကြိုဆို၊

ICJ က ဖမ်းဆီး၊ထောင်ချတာတွေ လုပ်မရလို့ စီရင်ချက် အကောင်အထည်ဖော်ဖို့ အားနည်း နိုင်၊


ဇူဇူး/MFP၊ နိုဝင်ဘာ – ၁၉

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး – ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေ သာမက ကမ္ဘာတဝန်းလုံးမှာရှိတဲ့ လူမျိုးသုဥ်း သတ်ဖြတ်မှုနဲ့ တခြား ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ခံစားခဲ့ရတဲ့သူတွေ အတွက်ပါ တရားမျှတမှု ရရှိရေး ကြိုးပမ်းမှုအတွက် အလွန် အရေးပါတဲ့ စံနမူနာ စီရင်ထုံး တစ်ခု ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) ရဲ့ အပြည်ပြည်ဆိုင်ရာ တရားမျှတရေး အကြီးတန်း ဥပဒေအကြံပေး Maria Elena Vignoli (မာရီယာ အယ်လီနာ ဗစ်ဂ်နော်လီ) က MFP ကို ပြောပါတယ်။

မြန်မာပြည် အနောက်ဖျား၊ ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး “မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း” ကုလသမဂ္ဂရဲ့ တရားဝင် တရားရေးအဖွဲ့အစည်း ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice – ICJ) က အမိန့်ချမှတ်ခဲ့တာပါ။


၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်မှာ စစ်အုပ်စု လုပ်ဆောင်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ကာလအတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ လူမျိုးသုဥ်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီ စာချုပ် (Genocide Convention) ကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ မှာ ၂၀၁၉ ခုနှစ်က စတင် တရားစွဲဆိုခဲ့တာပါ။

အဲ့ဒီ အမှုနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ ICJ မှာ ခုနှစ်နှစ်အကြာ စစ်ဆေးပြီးနောက် နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မှာ နောက်ဆုံးစီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက တာဝန်ရှိတယ်လို့ ICJ တရားရုံး ဥက္ကဌ ယူဂျီ အီဝါဆာဝါ အပါအဝင် တရားသူကြီးတွေက စီရင်ဆုံးဖြတ်လိုက်တာပါ။

တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အယူခံဝင်နိုင်ခြင်း မရှိတဲ့ အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။


ICJ ရဲ့ စီရင်ချက်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) ရဲ့ အပြည်ပြည်ဆိုင်ရာ တရားမျှတရေး အကြီးတန်းဥပဒေအကြံပေး Maria Elena Vignoli (မာရီယာ အယ်လီနာ ဗစ်ဂ်နော်လီ) က အခုလိုပြောပါတယ်။


“နိုင်ငံတကာတရားရုံးရဲ့ ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာများ ခါးစည်း ခံခဲ့ရသည့် ဒုက္ခဆင်းရဲတွေကို အသိအမှတ်ပြုရာ ကျပါတယ်။ ဒီလို အသိအမှတ် ပြုဖို့အတွက် နှစ်အကြာကြီး စောင့်ခဲ့ရတာပါ။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ လူမျိုးသုဥ်း သတ်ဖြတ်မှုနှင့် အခြား ကြီးလေးသည့် ရာဇဝတ်မှုများကို ခံစားခဲ့ရတဲ့သူတွေ အတွက်ပါ တရားမျှတမှု ရရှိရေး ကြိုးပမ်းခြင်းအတွက် အင်မတန်အရေးပါသော စံနမူနာစီရင်ထုံးတစ်ခု ပါပဲ”


မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို အမြန်လိုက်နာပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုများကို အဆုံးသတ်သင့်တယ်လို့လည်း မာရီနာက ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ရိုဟင်ဂျာတွေနဲ့ အခိုင်အမာရပ်တည်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် တရားမျှတမှု မြှင့်တင်ပေးဖို့၊ မြန်မာအနေနဲ့ တရားရုံး ဆုံးဖြတ်ချက်အပေါ် လိုက်နာပြီး ရိုဟင်ဂျာဒုက္ခသည်တွေ မိမိတို့စိတ်ဆန္ဒအလျောက် လုံခြုံစွာနေရပ်ပြန် နိုင်ရေးအတွက် မြန်မာစစ်အာဏာပိုင်တွေကို တွန်းအားပေးသင့်တယ်လို့လည်း ဆိုပါတယ်။

ICJ ရဲ့ စီရင်ချက်ကို ကြိုဆိုကြောင်း အမည်မဖော်လိုတဲ့ အဖွဲ့အစည်း ၃၂ ဖွဲ့ အပါအဝင် မြန်မာ အရပ်ဘက် လူထုအဖွဲ့အစည်း ၂၀၉ ဖွဲ့ကလည်း လက်မှတ်ရေးထိုးကာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

Gambia’s Justice Minister and Attorney General Dawda Jallow attends the hearing on the day the International Court of Justice (ICJ) delivers its judgment in the case brought by Gambia accusing Myanmar of genocide against the Rohingya Muslim minority, in The Hague, Netherlands, November 19, 2026. REUTERS/Piroschka van de Wouw

“ရိုဟင်ဂျာများ ပျက်သုဉ်းခဲ့ရမှုသည် ကံဆိုးမိုးမှောင်ကျမှု မဟုတ်ပါ၊ စစ်ပွဲ၏ လွန်ကဲမှုလည်း မဟုတ်ပါ။ ၎င်းသည် မြန်မာစစ်တပ်က ကြံစည် ကျူးလွန်ခဲ့သော လူမျိုးသုဥ်းသတ်ဖြတ်မှု ဖြစ်ပြီး မည်သည့်အခါမျှ ထပ်မံ ငြင်းဆို၍ မရနိုင်တော့ပါ။ မိမိတို့သည် ရိုဟင်ဂျာ ထိခိုက်နစ်နာသူများနှင့် အသက်ရှင် ကျန်ရစ်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပါသည်။ သူတို့သည် ထိုရက်စက်ကြမ်းကြုတ်မှုများ၏ ထာဝရ စိတ်ဒဏ်ရာကို ခံစားနေရရုံမျှမက၊ သူတို့ အသိုက်အမြုံ အများစုမှာ မွေးရပ်မြေပြင်ပတွင် ပြည်ပ​ရောက်ဘဝနှင့် မလုံခြုံမှုများထဲတွင် ဆက်လက် နေထိုင်နေရဆဲ၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ဆက်လက် အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှင်းပန်းမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်”

ICJ စီရင်ချက်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့လည်း မြန်မာအရပ်ဘက်အဖွဲ့တွေက တောင်းဆိုပါ တယ်။

“အမှုစီရင်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ နစ်နာကြေးများ ပေးလျော်ရေးနှင့် ထပ်မံ မဖြစ်ပွားစေရေး အာမခံချက်များအဖြစ် ရိုဟင်ဂျာများ၏ လူမျိုးစုအမှတ်လက္ခဏာကို အပြည့်အဝ အသိမှတ်ပြုပေးရန်၊ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ရေးနှင့် ၎င်းတို့ မွေးရပ်မြေသို့ လုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးတို့ အပါအဝင် ဆောင်ရွက်ရန်နှင့် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ် ခေါင်းဆောင်များအတွက် ရာဇဝတ်​ကြောင်းမှ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အစွမ်းကုန် ဆောင်ရွက်ပေးပါရန် နိုင်ငံတကာ အသိုက်အဝန်းကို မိမိတို့ တောင်းဆိုပါသည်။ ဤမြန်မာစစ်တပ်သည် မိမိတို့၏ ဘဝများကို အချိန်ကြာမြင့်စွာ ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ရိုဟင်ဂျာများနှင့် မြန်မာပြည်သူ အားလုံး အပေါ် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များစွာ ရက်စက်မှုများကို အဆုံးသတ်ရန် မိမိတို့ကို ဝန်းရံ ကူညီပေးပါ။ မြန်မာနိုင်ငံကို ဤစစ်တပ်၏ အကြမ်းဖက်မှု အောက်မှ လွတ်မြောက်စေရန် ကူညီပေးပါ။ မိမိတို့နှင့်အတူ ဆက်လက် ရပ်တည်ပေးပါ။ ရိုဟင်ဂျာများနှင့်အတူ ဆက်လက် ရပ်တည်ပေးပါ”

Mandatory Credit: Photo by JEROEN JUMELET/EPA/Shutterstock (17315286u)
Members of the International Court of Justice (ICJ) ahead of a public session for the reading of the court’s judgment in the genocide case brought by The Gambia against Myanmar at the Peace Palace in The Hague, Netherlands, 19 November 2026. The case was brought under the Genocide Convention, with 11 states intervening in the proceedings.
ICJ delivers judgment in Gambia’s genocide case against Myanmar, The Hague, Netherlands – 19 Nov 2


ယနေ့ နောက်ဆုံးစီရင်ချက်ချမှတ်ရာနေရာဖြစ်တဲ့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ICJ တရားရုံးကို အာဏာသိမ်း စစ်အုပ်စု ကိုယ်စား ICJ အမှု ဦးဆောင်ဖြေရှင်းသူ ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ICJ ရဲ့ စီရင်ချက်တွေထဲမှာ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့လည်း ပါဝင်ပြီး ပေးရမယ့် လျော်ကြေးပမာဏကိုတော့ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။


ICJ ရဲ့ စီရင်ချက်ဟာ နိုင်ငံတွေအပေါ် ဥပဒေအရ စည်းနှောင်မှုရှိပြီး စီရင်ချက်ချခံရတဲ့ နိုင်ငံဟာ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့ ယူဆပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council) ထံ တိုင်ကြားနိုင်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စီရင်ချက်ကို အကျိုး သက်ရောက်မှု ရှိစေဖို့ ဆောင်ရွက်ချက်တွေ၊ အကြံပြုချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး အရေးယူဆောင်ရွက်တာမျိုးတော့ မရှိဖူးသေးပါဘူး။

The International Court of Justice (ICJ) delivers its judgment in the case brought by Gambia accusing Myanmar of genocide against the Rohingya Muslim minority, in The Hague, Netherlands, November 19, 2026. REUTERS/Piroschka van de Wouw


ICJ မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုအပြင် လူမျိုးသုဥ်း သတ်ဖြတ်မှု ဆိုင်ရာစာချုပ် ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ကြားနားနေဆဲအမှု နောက်ထပ် လေးခု ရှိပါသေးတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းရဲ့ ရုရှားအပေါ်တရားစွဲဆိုမှု၊ ၂၀၂၃ ခုနှစ်မှာ တောင်အာဖရိကနိုင်ငံရဲ့ အစ္စရေးနိုင်ငံ အပေါ်စွဲဆိုမှု၊ ၂၀၂၄ ခုနှစ်မှာ နီကာရာဂွါနိုင်ငံရဲ့ ဂျာမနီနိုင်ငံအပေါ်စွဲဆိုမှုနဲ့ ၂၀၂၆ ခုနှစ်မှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ရဝမ်ဒါနိုင်ငံအပေါ် စွဲဆိုမှုတွေပဲ ဖြစ်ပါတယ်။


International Court of Justice (ICJ) – အပြည်ပြည်ဆိုင်ရာတရားရုံး ဟာ နိုင်ငံအချင်းချင်းကြား နယ်နိမိတ်၊ စာချုပ်ချိုးဖောက်မှုနဲ့ နိုင်ငံအဆင့် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အငြင်းပွါးမှု၊ တရားစွဲဆိုမှုတွေကို စစ်ဆေးတဲ့ နိုင်ငံတကာတရားရုံး ဖြစ်ပါတယ်။ နိုင်ငံကိုသာ တရားစွဲဆိုလို့ ရပြီး ထောင်ဒဏ်ချမှတ်နိုင်ခြင်းမျိုး မရှိဘဲ လုပ်ရပ်တွေရပ်တန့်ဖို့ အမိန့်ပေးခြင်းနဲ့ လျော်ကြေး ပေးစေခြင်းတို့သာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

International Criminal Court (ICC) – အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ကတော့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေမှာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ၊ စစ်ဘက်အရာရှိတွေစတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီကို တရားစွဲဆိုလို့ရတဲ့ တရားရုံး ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင် ဖမ်းဝရမ်းထုတ်တာနဲ့ ထောင်ဒဏ်ချမှတ်တာမျိုး ပြုလုပ် နိုင်ပါတယ်။

အဆိုပါတရားရုံးနှစ်ခုလုံးက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာ တည်ရှိတာပါ။ ICJ က ကုလသမဂ္ဂ (UN) ရဲ့ တရားဝင် တရားရေးအဖွဲ့အစည်းဖြစ်ပြီး ICC ကတော့ သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ တရားရုံး ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲတဲ့ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ICJ မှာ စီရင်ချက် ချနေစဉ်/Photo – Reuters

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ICJ #မြန်မာ #ဂမ်ဘီယာ

Related Articles

Back to top button