မန္တလေးသတင်း

မန္တလေးမှာနေတဲ့ ပျူခေါင်းဆောင် ပေါက်ကိုရင် သူခိုးခိုးခံရ၊

သူခိုးကို ကိုယ့်လူထင်လို့ ဖုန်းနဲ့စောင် အခိုးခံရတာလို့ ဆို၊

Phoenix/MFP၊ နိုဝင်ဘာ – ၁၈

မန္တလေးမြို့မှာ နေထိုင်တဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ပေါက်ကိုယ်တော် (ခေါ်) ဦးအရိယဝံသ (ပါရဇိက ကျထားတဲ့ သင်္ကန်းဝတ်)ရဲ့ ဖုန်းနဲ့ စောင် သူခိုးခိုးခံလိုက်ရတယ်လို့ ပေါက်ကိုရင်ဆိုသူက ပြောပါတယ်။

သူခိုးကို ကိုယ့်လူ ပျူစောထီး ထင်လို့ အခိုးခံရတာလို့ သင်္ကန်းဝတ် ပေါက်ကိုရင်က ဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနေ့က ညသန်းခေါင်အချိန် သူနေတဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်ပွဲကျင်းပနေချိန် လုံခြုံရေး ယူထားတဲ့သူတွေ ရှိနေပေမဲ့ သူခိုးတစ်ဦး ဝင်ရောက်လာတာကို ပျူအထင်နဲ့ လွှတ်လိုက်မိလို့ သူခိုး ခိုးခံရတာလို့ ပေါက်ကိုယ်တော် ဆိုသူက တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

သူ့ရဲ့ ဖုန်းနဲ့ စောင် ခိုးတဲ့ သူခိုးကို “ပြေးနိုင်အောင် ပြေးထား” လို့ အဲ့ဒီ သင်္ကန်းဝတ် ပျူခေါင်းဆောင်က ကြုံးဝါးထားပါတယ်။

ပေါက်ကိုယ်တော်ဆိုသူဟာ ယခင်က ရဟန်းတစ်ပါး ဖြစ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင် လက်သပ်မွေးထားတဲ့ ပျူအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသူဖြစ်ကာ ရဟန်းသိက္ခာတွေ မစောင့်ထိန်းနိုင်လို့ ပါရာဇိက ကျထားသူ ဖြစ်ပါတယ်။

ပါရာဇိက ကျပေမယ့် သင်္ကန်းမချွတ်ဘဲ ကိုရင်ကြီးအဖြစ် ဆက်လက် နေထိုင်ကာ လက်နက်ကိုင် ပျူခေါင်းဆောင် အဖြစ် ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုး၊ဆိုး၊ လုယက်မှုတွေကို ပေါက် ကိုရင် ဦးဆောင်တဲ့ ပျူတွေနဲ့ စစ်အုပ်စုတို့ ပူးပေါင်း ကျူးလွန်တာလို့ မြို့ခံတွေက ယူဆကြပါ တယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ပေါက်ကိုယ်တော် #ပျူစောထီးအဖွဲ့ခေါင်းဆောင်

Related Articles

Back to top button