
အီသာရမ်/MFP၊ ဇူလိုင်-၂၂
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်း သင်းမကျေးရွာကို စီးနင်း လုယက် မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ပြာကျဖွယ် ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဇူလိုင် ၂၁ ရက်ကတည်းက သင်းမကျေးရွာကို ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ ဒီမနက်ပိုင်း ရွာကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပြီး တနေကုန် မီးလောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မီးရှို့တာကတော့ မိုးလေးကျလို့ နည်းနည်းသက်သာရင် သက်သာမှာ တစ်ရွာလုံးကို ပတ်ရှို့တာ”
သင်းမကျေးရွာဟာ မြိုင်မြို့ရဲ့ အနောက်ဘက် ဆယ်မိုင်ခန့်အကွာမှာ ရှိတာဖြစ်ပြီး အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ရွာကြီး ဖြစ်ကာ စစ်အုပ်စု ရန်ကြောင့် ဒေသခံ ပြည်သူတွေက ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

သင်းမကျေးရွာကို စီးနင်းလုယက် မီးရှို့နေတဲ့ စစ်အုပ်စုဟာ အနီးဝန်းကျင် ကျေးရွာတွကိုလည်း လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေပြီး ဒီမနက်ပိုင်း သင်းမကျေးရွာထဲနေ စစ်အုပ်စုက ပစ်ခတ်တဲ့ လက်နက်ကြီး လေးမိုင်ခန့်အကွာရှိ ဝက်ဖိုးကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ရွာခံပြည်သူ လင်မယားနှစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြိုင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ သင်းမရွာကို မီးမရှို့မီ မြိုင်နယ်ရှိ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းရိုး၊ သံချောင်းနဲ့ ဘောတုံး စတဲ့ ကျေးရွာ ၁၀ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို အမျိုးသမီးနဲ့ အဖိုးအိုတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဇူလိုင် ၁၂ရက်ကနေ ၂၂ရက်အထိ ၁၀ရက်အတွင်း မြိုင်နယ်ရှိ စစ်အုပ်စု စီးနင်းဝင်မွှေ မီးရှို့ပြီး ပြန်ထွက်သွားတဲ့ ကျေးရွာတွေထဲ စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ဒေသခံပြည်သူ ၁၃ ဦးရဲ့ အလောင်းတွေ တွေ့ရှိထားပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် သင်းမရွာ အပါအဝင် မြိုင်နယ် အနောက်ပိုင်း ကျေးရွာတွေက ဒေသခံပြည်သူတွေ သောင်းနဲ့ချီ စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။


မြိုင်နယ် သင်းမရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေမှုနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #မြိုင်



