
စစ်အုပ်စုက မြိုင်နဲ့ ပေါက်နယ်အစပ် ဗုံးပတ်ကြဲနေပြီး တိုက်ပွဲတွေလည်း ဖြစ်နေ၊
အီသာရမ်/MFP၊ ဇူလိုင်-၂၅
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဇူလိုင် ၂၄ရက်က စလို့ မြိုင်နဲ့ ပေါက်မြို့နယ် အစပ်ရှိ ရေနံမြေ၊ ရေနံတွင်းတွေဆီ ဦးတည်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း ကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ပေါက်နဲ့ မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ ဒေသခံပြည်သူ ၃၀ ထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို ကျေးရွာ ၁၀ ခန့်လည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
အင်အား ၇၀၀ ခန့်ပါ အဲ့ဒီ စစ်အုပ်စုဟာ မြိုင်နယ် အနောက်ပိုင်းရှိ သင်းမကျေးရွာကို သုံးရက်ကြာ စီးနင်းကာ လူသတ်၊ မီးရှို့ပြီးနောက် ဇူလိုင် ၂၄ရက် မနေ့က ဂျုတ်ကုန်းကျေးရွာကို ဆက်လက် စီးနင်းဖို့ ကြိုးစားခဲ့ပြီး ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။
ဂျုတ်ကုန်းရွာဟာ မြိုင်နဲ့ပေါက်နယ်အစပ်ရှိ ဆူးဝင်းရေနံမှော်၊ ဝယ်တောင်ရေနံမှော်တွေနဲ့ ခုနှစ်မိုင်ခန့်သာ ကွာဝေးကာ စစ်အုပ်စု အနေနဲ့ ဘယ်ကို ဆက်မွှေမလဲဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဂျုတ်ကုန်းနဲ့ဆိုရင် ဗဟင်း၊ ဝယ်တောင်၊ ဆူးဝင်း (ရေနံမှော်)တို့က သိပ်မဝေးတော့ဘူးပေါ့၊ ဒါပေမယ့် ဘယ်ကို သွားမယ်လို့တော့ ကြိုပြောလို့မရသေးဘူး”

သင်းမရွာထဲ လူသတ်၊ မီးရှို့ပြီး ထွက်လာတဲ့ စစ်အုပ်စုဟာ အနီးဝန်းကျင် ကျေးရွာတွေကို ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျိုင်အိုကော်ပတာ – Gyrocopter တွေနဲ့ ဗုံးပတ်ကြဲ ပြီးနောက် ဂျုတ်ကုန်းရွာကို ဆက်လက် စီးနင်းခဲ့ပြီး တော်လှန်ရေး တပ်တွေနဲ့လည်း မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“လေကြောင်းကတော့ ဘေးပတ်ချာလည်က ရွာတွေ ကြဲတာ၊ ပြည်သူ ထိခိုက်တော့ မရှိဘူး ထင်ပါတယ်။ အကုန်လုံးရှောင်နေကြတာဆိုတော့၊ တိုက်ပွဲတော့ ဖြစ်တယ်”
စစ်အုပ်စုဟာ မနေ့က ညနေပိုင်းမှာ ဂျုတ်ကုန်းကျေးရွာကို ရောက်ရှိသွားပြီး သင်းမကျေးရွာမှာ ကျန်ခဲ့တဲ့ စစ်အုပ်စုကလည်း လက်နက်ကြီး ရမ်းကားပစ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မြိုင်နဲ့ ပေါက်နယ်ထဲ ရွာစသ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ ပေါက်နယ်၊ ထောက်ရှာပင်ကျေးရွာ၊ မြိုင်မြို့နယ်ရှိ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါရင်းချိုင်၊ ကွန်လပ်၊ ဘောတုံ၊ ဘောင့်ဘင်နဲ့ ဝက်ဖိုးကျေးရွာ တွေကို စီးနင်းချိန် အမျိုးသမီးနဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူတွေ အပါအဝင် ဖမ်းမိတဲ့ ဒေသခံပြည်သူ ၃၀ နီးပါးကို ညှဉ်းပန်းသတ်ဖြတ်ကာ အလောင်းတွေ စွန့်ပစ်ခဲ့ပါတယ်။ စစ်အုပ်စုလက်ထဲ ဖမ်းဆီးခံထားရသူနဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် မြိုင်နဲ့ ပေါက်နယ်အစပ် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။


မြိုင်နဲ့ ပေါက်နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေ/Photo – ဒေသခံ၊ MVRF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #မြိုင် #ရေနံမှော်



