
အီသာရမ်/MFP၊ဇူလိုင်-၂၇
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းရောက်နေတဲ့ နေရာအနီးတဝိုက်ကို လေကြောင်းကနေလည်း နေ့ရောညပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက ပခုက္ကူတပ်မ ၁၀၁ ကနေထွက်လာတဲ့ အင်အား(၇၀၀) ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက မြိုင်နယ်နဲ့ပေါက်နယ်အတွင်းကို လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊လုယက်၊မီးရှို့နေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အဆိုပါ စစ်အုပ်စုဟာ မြိုင်မြို့နယ် အနောက်ပိုင်း သင်းမကျေးရွာနဲ့ ဂျုတ်ကုန်းကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားပြီး ဇူလိုင် ၂၆ ရက် မနေ့ညပိုင်းကတည်းက ဗုံးဆက်တိုက်ကြဲနေကာ တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


“ လေကြောင်းက ညကတည်းက ကြဲနေတာပဲ ခုမနက်လည်း ဆက်တိုက်ကြဲနေတာ၊စစ်ကြောင်းက မရွေ့ဘဲ အဲဒီမှာပဲ ရှိသေးတယ်၊တိုက်ပွဲတွေလည်းဖြစ်တယ်လို့ အထိခိုက်တော့ မသိရဘူး”လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မနေ့ညပိုင်းက လေကြောင်းကနေ Y12 နဲ့ ဆယ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း Y12 နဲ့ Mi35 တို့နဲ့လည်း ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းကလည်း မြိုင်-ဗဟင်းလမ်းမပေါ်က သင်းမကျေးရွာလမ်းခွဲမှာ ဘန်ကာနဲ့ အထိုင်ချ တည်ဆောက်တာတွေလုပ်နေတယ်လို့ ဒေသခံတချို့က ပြောနေပေမယ့် တော်လှန်ရေးတပ်တွေကတော့ အတည်ပြု ပြောဆိုထားတာမျိုး မရှိပါဘူး။
လက်ရှိအချိန်မှာ အဲဒီစစ်အုပ်စုစစ်ကြောင်းက ရေနံမှော်တွေဆီကို ဦးတည်နေတယ်လို့ ဒေသခံတချို့က ခန့်မှန်းနေကြပြီး စစ်ကြောင်းရောက်ရှိနေတဲ့ ကျေးရွာတွေ အပါအဝင် အနီးအနားက ကျေးရွာတွေဖြစ်တဲ့ သင်းမ၊ဂျုတ်ကုန်း၊ရွာသာအေး၊မကြီးကန်၊ဆိပ်ချေး၊ရှမ်းတုန်း၊ပြသန်းကိုင်း၊သနပ်ရင်း၊ဗဟင်း၊ဝယ်တောင်ကျေးရွာနဲ့အနီးတဝိုက်က ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ တောတိုက်တွေထဲမှာ ဖြစ်သလို နေထိုင်နေကြရတာ တစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ရိက္ခာနဲ့ ဆေးဝါးတချို့ ယူဆောင်လာနိုင်ခဲ့တာကြောင့် လတ်တလောမှာ အခက်အခဲမရှိသေးဘဲ သောက်သုံးရေအတွက်တော့ အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
“စားနပ်ရိက္ခာကတော့ နည်းနည်းယူခဲ့တော့ မခက်သေးဘူး၊ပြီးတော့ နီးစပ်ရာလည်း ဝယ်လို့ လွယ်သေးတယ်၊ ရေကခက်တယ်ပြောရမယ်၊ရှောင်ရတာကလည်းများတော့ လူက ထပ်နေကြတာ”လို့ သူကဆိုပါတယ်။
လတ်တလောမှာ စစ်အုပ်စုစစ်ကြောင်းဟာ ဆူးဝင်းရေနံမှော်၊ဝယ်တောင်ရေနံမှော်တို့နဲ့ ခုနှစ်မိုင်ခန့်အကွာကို ရောက်ရှိနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်အတွင်း မြိုင်နယ်နဲ့ ပေါက်နယ်က ဒေသခံပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သွားခဲ့သလို ကျေးရွာ ၁၀ရွာနီးပါးက နေအိမ် အလုံး ၅၀ ထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိမှာတော့ မြိုင်မြို့နယ်တောင်ခြမ်းက ဒေသအခေါ် စက်မှု-၂ မှာလည်းစစ်အုပ်စုအင်အားတွေကို Mi17 နဲ့ ခြောက်ကြိမ်ခန့် အင်အားထပ်ဖြည့်ထားပြီး စက်မှု-၂ ထဲမှာပဲ ရှိနေသေးတာကြောင့် မြိုင်နယ်ထဲမှာ စစ်အုပ်စုအင်အား အလုံးအရင်း ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြိုင်နယ်က စစ်ဘေးရှောင်ပြည်သူတွေ/ဓာတ်ပုံ- Bobo Thantzin



