
ရွာခံပြည်သူတွေ စစ်ဘေးရှောင်နေကြရဆဲ၊
Phoenix/MFP ၊ ဇူလိုင် – ၂၉
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဧရာဝတီမြစ်ရိုးရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေ တည်ရှိရာ ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်း လုယက်၊ မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၁၀၀ ကျော်နဲ့ ရှေးဟောင်းအဆောက်အအုံတချို့ မီးလောင်ပြာကျ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံ ရှေးဟောင်းနယ်မြေနဲ့ ခေတ်ပြိုင်လို့ ယူဆရပြီး နိုင်ငံအဆင့် ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ရှေးဟောင် ယာဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ ၈၀ ကျော် တည်ရှိရာ ပခန်းငယ်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဇူလိုင် ၂၅ရက်မှာ ကျေးရွာအတွင်း လေးနေရာခွဲပြီး မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ပခန်းငယ် ခေါ် ပုဂံငယ်ကျေးရွာအတွင်း လူနေအိမ် ၁၀၀ ကျော်နဲ့ ရှေးဟောင်း အဆောက်အအုံတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှု့ခဲ့တဲ့ ဒေသခံ တော်လှန်ရေးတပ် မကွေးခရိုင် PDF အမှတ် (၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“ပခန်းငယ်က တံငါရွာဆိုတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေများတယ်။ အကုန် မီးရှို့ ခံလိုက်ရတော့ အခက်အခဲ ဖြစ်နေကြတယ်။ ရွာကို လေးနေရာခွဲပြီး မီးရှို့ကြတာဖြစ်ပြီး ရှေးဟောင်း အဆောက်အအုံတချို့လည်း မီးထဲပါသွားတယ်”

ရွာမီးရှို့ခံရပေမယ့် စစ်အုပ်စု ရွာကို စီးနင်းချိန် ဒေသခံတွေ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်လို့ ရွာခံပြည်သူ သတ်ဖြတ်ခံရတာ မရှိဘဲ အသက်ဘေးက လွတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ရွာခံပြည်သူတွေ ကျေးရွာထဲ ပြန်မဝင်ရဲသေးဘဲ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပြီး စစ်အုပ်စုကလည်း ပခန်းငယ်ရွာနဲ့ အနီးဝန်းကျင်ရွာတွေကို နှစ်ဖွဲ့ခွဲကာ ဆက်လက် ရွာစဉ်ပတ်မွှေ စီးနင်း ရန်ပြုနေဆဲ ဖြစ်တယ်လို့ မကွေးခရိုင် PDF အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု အင်အား ၁၀၀ ကျော်က အိုင်ကြီးကျေးရွာကို စီးနင်းလုယက်နေပြီး နောက်ထပ် အင်အား ၁၀၀ ကျော်က လင်းတကိုင်းကျေးရွာကို စီးနင်းထားတယ်လို့ ဆိုပါတယ်။

ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာဟာ ယူနက်စကို (UNESCO) စာရင်းဝင် ပုဂံ ရှေးဟောင်းနယ်မြေနဲ့ ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပြီး ကျေးရွာအတွင်း ထိန်းသိမ်းထားတဲ့ ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံ ၈၁ ခုရှိကာ အဲဒီ အဆောက်အအုံတွေရဲ့ အတွင်းပိုင်းမှာ ပုဂံခေတ်လက်ရာတွေ၊ အပြင်ပိုင်းမှာ ညောင်ရမ်း၊ အင်းဝနဲ့ ကုန်းဘောင်ခေတ် လက်ရာတွေကို တွေ့မြင်နိုင်တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဇွန်လကုန်ပိုင်းကတည်းက ချောက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ဇွန်လ တတိယပတ်အတွင်း ချောက်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ) ၁၃ က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုနဲ့ ချောက်မြို့နယ် ဝါဇီငွေထုတ်စက်ရုံ၊ စလေမြို့နဲ့ ပုဂံ-ညောင်ဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စု ပူးပေါင်း စစ်ကြောင်းတို့က ချောက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး ထွက်မပြေးနိုင်တဲ့ အဖိုးအဖွားတွေကို မီးရှို့ သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည် သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို ကျေးရွာ ၁၀ ရွာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
MFP က ရရှိထားတဲ့ အချက်အလက်တွေအရ ဇွန်လကုန်ပိုင်းကနေ ဇူလိုင်လဝက်အထိ ချောက်မြို့နယ်ရှိ ဆူးတော၊ ရွာမ၊ ညောင်ဇင်၊ လေးပင်ကုန်း၊ ညောင်ချောင်း၊ ဝံဂင်္ဘာ၊ ပွင့်လင်း၊ ဆူးရစ်ကန်၊ ကြိတ်စု (တ)၊ သုံးဆင့်နဲ့ မြေပဒုံ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်အုပ်စုက ရွာကို မီးရှို့ချိန် ဗုံးခိုကျင်းထဲ ပိတ်မိကာ သေဆုံးသူနဲ့ မီးရှို့သတ်ဖြတ်ခံရသူ အပါအဝင် တစ်ရွာတည်းတင် သက်ကြီးရွယ်အို သုံးဦး သေဆုံးတဲ့ ဖြစ်စဉ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် မီးရှို့ခံရတဲ့ ကျေးရွာတွေ အပါအဝင် ချောက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ တစ်လကျော်ကြာ ရှိလာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ချောက်မြို့နယ်ထဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်း ဇူလိုင် ၁၀ ရက်က ချောက်မြို့နယ် စလေတိုက်နယ်နဲ့ ရေနံချောင်းမြို့ကြားမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ တော်လှန်ရေး ရဲဘော် ၂၃ ဦး ကျဆုံးခဲ့ပါတယ်။

ချောက်မြို့နယ်ဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက် နယ်မြေတစ်ခု ဖြစ်သလို စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းခေါ် လက်နက်စက်ရုံ (ကပစ) တွေ တည်ရှိတာ၊ ငွေထုတ်စက် ဝါဇီစက်ရုံ တည်ရှိတာနဲ့ ရေနံတွင်းတွေ ရှိကြောင့် စစ်အုပ်စုက ချောက်နယ်ထဲ စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ချောက်မြို့နယ်ထဲ လေယာဉ်၊ ဒရုန်းတွေနဲ့ ကျေးရွာတွေအပေါ် ဗုံးကြဲ သတ်ဖြတ် နေသလို လက်ရှိမှာလည်း လေယာဉ်နဲ့ ဒရုန်းတွေ ကင်းထောက် ပျံဝဲနေတာကြောင့် ဒေသခံတွေ လေကြောင်းအန္တရာယ် သတိထားဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ ရှေးဟောင်း အဆောက်အအုံနဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချောက် #မကွေး #ပခန်းငယ်ရွာ



