မကွေးသတင်း

ကန်ပက်လက်နဲ့ မင်းတပ် တိုက်ပွဲ တပ်ရင်းမှူး ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု အများအပြား သေ၊ သုံ့ပန်းတွေ ဖမ်းမိ၊

စစ်အုပ်စု ယာယီအခြေပြုရာ နေရာတွေကို တော်လှန်ရေးတပ်တွေ တန်ပြန် ထိုးစစ်ဆင်နေ၊

ဒေါ်လာ/MFP၊ ဩဂုတ် – ၁

ချင်းပြည်တောင်ပိုင်းရှိ ကန်ပက်လက်နဲ့ မင်းတပ်မြို့ဘက် ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ နှစ်လကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က တပ်ရင်းမှူး ဗိုလ်မှူးအဆင့် ကျော်ဆက် အပါအဝင် အများအပြား သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/CPA) က ဩဂုတ် ၁ရက် ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် မေလက စတင်ကာ မကွေးတိုင်း ယောဒေသကတဆင့် အင်အား အများအပြားနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး အဲ့ဒီ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ချင်းညီ နောင် (CB)အဖွဲ့ဝင်တွေ၊ ယောဒေသ တပ်တွေ ဖြစ်သော ယောတပ်တော် (YA)၊ ယောဒေသ ကာကွယ်ရေးတပ် (YDF) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်တွေ လက်တွဲကာ ခုခံ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“တော်လှန်ရေး မဟာမိတ်တပ်များနှင့်အတူ လက်တွဲကာ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်တိုက်ခိုက်လျက်ရှိရာ ရန်သူ့ယာယီ အခြေပြုနေရာများအား တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူ့တပ်ရင်းမှူး ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်အထိ မိမိတို့ တပ်ဖွဲ့ဝင်များ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့ကြသည်။ ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းမျိုးစုံနှင့်၊ ဒရုန်းများ၊ ဂျန်မာများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း တချို့ကိုပါ ဖမ်းဆီးရမိခဲ့ပါသည်။ စစ်ကောင်စီတပ်မှ ထွက်ပြေးလာ၍ တော်လှန်ရေး တပ်များထံတွင် လက်နက်ချ ပူးပေါင်းလာသူများလည်း ရှိခဲ့ပြီး ၎င်းတို့ကို မိမိတို့မှ ကောင်းမွန်စွာ နေရာ ချပေးထားရှိပြီး မိသားစုများထံသို့ လုံခြုံစွာဖြင့် ပြန်လည်ပို့ဆောင် ပေးရန်ကိုလည်း စီစဉ်ထားရှိပါသည်” လို့ CPU က ထုတ်ပြန်ပါတယ်။

ချင်းပြည်ဘက် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ဒေသခံအရပ်သားပြည်သူကို ဖမ်းဆီးကာ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချတာ၊ သတ်ဖြတ်တာ၊ ရွာမီးရှို့တာ၊ ဖောက်ထွင်းလုယက်တာ တွေလည်း ကျူးလွန်နေတယ်လို့ CPU က ဖော်ပြပါတယ်။

“ရန်သူ စကမများသည် စစ်ကြောင်းများချီတက်ရာတွင် ယောဒေသခံ အသက်(၇၀)အရွယ် အရပ်သား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သောဖြစ်စဉ် ရှိခဲ့သကဲ့သို့ မဟာမိတ် တပ်များမှ အရပ်သားပြည်သူတစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ မိသားစုထံ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့သော ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။ အခြားသောအရပ်သား သက်ကြီးပိုင်းတစ်ဦးမှာ စကမမှ သတ်ဖြတ်ခဲ့သောကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။ စကမ များသည် ဒေသခံ များအား အငြိုးထားကာ ကျေးရွာများအား မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်းများကိုလည်း ဆက်တိုက်ကျူးလွန်ကာ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြသည်” လို့ CPU က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ လောင်းရှည်-ဆောလမ်းအတိုင်း အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေး တပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အသေအပျောက်များကာ ပြန်ဆုတ်ပြေးနေရသလို ပေါက်-ကျောက်ထု-ထီးလင်း လမ်းပိုင်းကနေ အင်အားဖြည့်ဖို့ ကြိုးစားနေပေမဲ့ ရှေ့မတိုးနိုင်ဘဲ နေရာစုံ ဖြတ်တောက်၊ ပိတ်ဆို့ တိုက်ခိုက်ခံရတာကြောင့် ပြန်ဆုတ်ပြေးနေတယ်လို့ CPA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြေပြင်တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုဟာ ပြည်သူကို ပစ်မှတ်ထားကာ မြို့၊ ရွာတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေပြီး စစ်အုပ်စု ထိုးစစ်ဆင်တဲ့ မေလကနေ ဇူလိုင်လကုန်ပိုင်းအထိ CPU ထိန်းချုပ်နယ်မြေအတွင်း အကြိမ် ၆၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ CPU က ဆိုပါတယ်။

ဇူလိုင် ၁၆ရက်ကလည်း ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ် (ခွဲ)ကနေ ဆောမြို့ဘက် ဦးတည်လာတဲ့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်က အင်အား ၃၀ ခန့်ပါ စစ်အုပ်စုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား သေကာ သုံ့ပန်း ကိုးယောက် ဖမ်းမိသလို ကားသုံးစီးနဲ့ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မေလနဲ့ ဇွန်လကလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ရာချီသေဆုံးပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိထားတယ်လို့ CPU က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့တွေ ပြန်ရရေးအတွက် မေလက စတင်ကာ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ပေါ်တာဆွဲ စုဆောင်းထားတဲ့ အင်အား ထောင်ချီကို ယောဒေသထဲ ပို့လွှတ်ကာ ချင်းပြည်ဘက် တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုက ယောဒေသထဲ အင်အားရာချီနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို အရပ်သားနေထိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ နေတာကြောင့် ယောဒေသ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

ချင်းပြည် မင်းတပ်နဲ့ ကန်ပက်လက်မြို့အနီး တိုက်ပွဲတွေအတွင်း သိမ်းဆည်း ရရှိတဲ့ လက်နက် ခဲယမ်းတွေ/Photo – CPU/CPA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ချင်း #CPUCPA

Related Articles

Back to top button