မကွေး မြိုင်မှာ စစ်အုပ်စု ဗုံးကြဲလို့ စစ်ဘေးရှောင် ပြည်သူ နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ၊

ရေနံမြေဆီ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေ၊
အီသာရမ်/MFP၊ဩဂုတ်-၁၀
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ရေနံမှော်တွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းရောက်ရှိရာ ကျေးရွာတွေအနီးကို ဗုံးပတ်ကြဲလို့ စစ်ဘေးရှောင် ပြည်သူ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကာ သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်က MFP ကို ပြောပါတယ်။
ဩဂုတ် ၁၀ရက် ဒီကနေ့ မွန်းလွဲပိုင်း မြိုင်မြို့နယ်၊ ယာကြီးပြင်၊ မှန်ရင်းနဲ့ ဆူးဝင်းကျေးရွာတွေ အနီးကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကာ နောက်ထပ် သုံးဦး ထိခိုက်ဒဏ်ရာရသလို ရေနံဆီခြံတွေလည်း မီးလောင် ပျက်စီးတယ်လို့ ဆိုပါတယ်။
“ဆူးဝင်းက စစ်ရှောင်တွေရဲ့ တောတိုက်တွေ အကြဲခံရတာက ပြည်သူ နှစ်ဦး သေတာ ရှိတယ်၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး သေတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ဖြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ အာဏာသိမ်း စစ်အုပ်စု အင်အား ၇၀၀ ခန့်ဟာ မြိုင်နယ် ရေနံမှော်တွေဆီ ဦးတည် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ရွာစဉ်ပတ်မွှေ စီးနင်းပြီး ပြည်သူပိုင် ပစ္စည်း ဖောက်ထွင်းခိုးယူ၊ တွေ့သမျှပြည်သူကို သတ်ဖြတ်နေတဲ့ အဲ့ဒီ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ အထိနာ အသေများတိုင်း စစ်အုပ်စုက ရွာမီးရှို့တာ၊ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်တာတွေ ကျူးလွန်နေတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဩဂုတ် ၂ ရက် ကတည်းက ယာကြီးပြင်ကျေးရွာကို ရောက်ရှိခိုအောင်းနေတာ ဖြစ်ပြီး ဩဂုတ် ၇ရက် ဒီမနက်ပိုင်း ယာကြီးပြင်ကနေ မှန်ရင်းကျေးရွာဘက် ရှေ့ပြေးစစ်ကြောင်း ဝင်ရောက်လို့ တော်လှန်ရေး တပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မှန်ရင်းတို့၊ မြောင်းမြားတို့နဲ့ ယာကြီးပြင်က ကပ်လျှက်ဆိုတော့ ရှေ့ပြေးက ရောက်သွားပြီး တိုက်ပွဲက ခဏခဏ ဖြစ်တော့ ရှေ့ဆက်မရနေတဲ့ ပုံစံပေါ့”

ယာကြီးပြင်ကျေးရွာထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ကျေးရွာအတွင်း ပြည်သူပိုင် ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူ စားသောက်နေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ လာရောက် တိုက်ခိုက်တာ ခံရတိုင်း ရွာကို မီးရှို့ဖျက်ဆီးနေကာ တစ်ပတ်အတွင်း သုံးကြိမ်ဆက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြီမို့ နေအိမ် တော်တော်များများ မီးလောင်ပျက်စီးနေလောက်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်ကြောင်း ရှေ့ဆက်တိုးနိုင်ဖို့အတွက် ယာကြီးပြင်၊ မှန်းရင်းနဲ့ ဆူးဝင်းကျေးရွာ အနီးတဝိုက် နေ့စဉ် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
အဲဒီ စစ်အုပ်စုဟာ မြိုင်မြို့နယ် ရေနံမှော်တွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ တစ်လကျော်အတွင်း အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၃၀ နီးပါး သတ်ဖြတ်စွန့်ပစ်သလို ကျေးရွာ ၁၀ရွာခန့်က နေအိမ် ၃၀၀ ကျော် ကိုလည်း မီးရှို့ဖျက်ဆီးပြီး ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ်ရှိ ကျောက်ခွက်ရေနံမှော်နဲ့ Well2 ရေနံမှော်တို့ဆီ ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဗုံးပတ်ကြဲနေတာကြောင့် ရေနံမှော်တွေထဲရှိ ရေနံ လုပ်သားတွေနဲ့ ဈေးသည်တွေ အပါအဝင် အနီးအနား ကျေးရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

မြိုင်နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူနေတဲ့ စစ်အုပ်စုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက သင်းမရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းခိုးယူ မီးရှို့ခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မြိုင် #ရေနံမှော်



