မိုးမိတ်မှာ စစ်အုပ်စုနဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊

စစ်အုပ်စုက ဗုံးပတ်ကြဲလို့ သံဃာတစ်ပါး ထိခိုက်ကာ ပြည်သူတွေ ထွက်ပြေးနေရ၊
နန်းယု/MFP၊ ဩဂုတ် – ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် – KIA၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် – PDF ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်အုပ်စုတို့ကြား နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက စတင်ပြီး မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာအနီး၊ နှစ်စဉ်တပေါင်းပွဲတော် ကျင်းပတဲ့ ရွှေမြင်တင်ဘုရား တောင်ကုန်းဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေပြီး စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာနဲ့ ချတယ်။ ပြီး Mi 35 နဲ့ ချတယ်။ တဒက်ဒက် တအုန်းအုန်းပဲ။ ညောင်နီက ဦးဇင်းတစ်ပါး ထိတယ်။ ညောင်နီရွာဘက်ကတော့ ရှောင်နေရတယ်လေ။ မြို့ပေါ်ကို ပြေးကြတယ်။ နှစ်စဉ် တပေါင်းပွဲတော် ကျင်းပတဲ့ ရွှေမြင်တင်ဘုရားရဲ့ တောင်ကုန်းပေါ်ကို ဗုံးကျဲတာ” လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက လေကြောင်းတိုက်ခိုက် ဗုံးကြဲလို့ ညောင်နီကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးကာ သံဃာတော်တစ်ပါးလည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း စစ်အုပ်စုက မိုးမိတ်မြို့နယ်အတွင်း တိုက်လေယာဉ်တွေ၊ Mi-35 တွေနဲ့ ဗုံးပတ်ကြဲနေပြီး ပေါက်ကွဲသံတွေ ကျယ်လောင်ကာ မြေတုန်ဟီးသွားတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
“မနက်ပိုင်း Mi 35 နဲ့ကလည်း တဒက်ဒက်၊ တအုန်းအုန်း၊ တဝုန်းဝုန်း” လို့ ဒေသခံက ပြောပြီး “ဒီနေ့တော့ ဂျက်ဖိုက်တာနဲ့ မနက် ၁၀ နာရီ လှိုဏ်သံပါပြီး မြေပါတုန်ဟီးသွားပေါ့” လို့ ဆိုပါတယ်။
ညနေပိုင်းရောက်တဲ့အချိန်မှာတော့ လေကြောင်းတိုက်ခိုက်မှုအသံတွေ ငြိမ်သွားတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ညောင်နီကျေးရွာဘက်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာအဝင်လမ်းလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိုးမိတ်မြို့နယ်အတွင်း မိုးသည်းထန် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မုတွေ ကြုံနေရပြီး မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာနဲ့ နန်းပန်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားလည်း ရေစီးမျောပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့နယ်အတွင်း မိုးကောင်းဦး-နမှီ၊ ဘော်ဒေ-မိုးဟောက်၊ ဘော်ဒေ-ကင်းချောင်း၊ ကျောက်မောနဲ့ ဝဲပေါင်းကျေးရွာသွားလမ်းတွေမှာလည်း ရေကြီးရေလျှံနေမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ရေကြီးရေလျှံနေချိန် တိုက်ပွဲဖြစ်ကာ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ပြည်သူတွေ မိုးထဲရေထဲ ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မိုးမိတ်နဲ့ မဘိမ်းမြို့နယ်အစပ် စစ်ဘေးရှောင်တွေ နေထိုင်ရာ နေရာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ကိုးဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။
မိုးမိတ်မြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ဇွန်လအတွင်း သိမ်းပိုက်ခဲ့ပြီး တရုတ်က ကြားဝင်ုခိမ်းခြောက် အကြပ်ကိုင်လို့ ၂၀၂၅ နိုဝင်ဘာလမှာ TNLA က စစ်အုပ်စုထံ မြို့ကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မိုးကုတ် #မိုးမိတ် #ရှမ်းမြောက်



