စစ်ကိုင်းသတင်း

ဝက်လက်မှာ ရေဆော့ကစားတဲ့ ကလေးငယ်တစ်ဦးနဲ့ ရောဂါအခံရှိသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးတော်လှန်ရေးအင်အားစုတွေက ရေဘေးသင့်ပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်​တွေကို ဆက်လက်ကယ်ထုတ်နေ

ကိုသူ / MFP၊သြဂုတ် -၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မိုးရွာသွန်းတာနဲ့ စစ်အုပ်စု ဆည်ရေဖောက်ချတာကြောင့် ရေကြီးရေလျှံဖြစ်တဲ့ ရေဘေးသင့်ကာလအတွင်း ရေဆော့ကစားတဲ့ ကလေးငယ်တစ်ဦးနဲ့ ရောဂါအခံရှိသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရေကြီးလာချိန်မှာ သမရိုးကျေးရွာက ရောဂါအခံရှိသူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရေမွန်းသေဆုံးခဲ့သလို လှတွေကျေးရွာက ကလေးငယ်တစ်ဦးကလည်း ‌လူသူကင်းမဲ့ချိန် ရေဆော့ကစားရာက ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဝက်လက်မြို့နယ် ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ရွှေပန်းကုံးတိုက်နယ်တာဝန်ခံက ပြောပါတယ်။

“သမရိုးကျေးရွာက တစ်ယောက်က ကျန်းမာရေးကြောင့် ဘာဖြစ်တယ်မသိဘူး။ ရေထဲမှာ နစ်မြုပ်သွားတာတော့ မဟုတ်ဘူးပေါ့လေ၊ ရေဝင်နေတဲ့ ရွာဖြစ်တဲ့အတွက် လဲပြီးတော့ အဲဒီလိုမျိုး သေဆုံးသွားတာ တစ်ယောက်ရှိတယ်၊ ပြီးတော့ ကလေးတစ်ယောက် ကလေးမပေါ့လေ၊ အဲ ရေဆော့ရင်းနဲ့ ကလေးတစ်ယောက် ဆုံးထားတာရှိတယ်။ လောလောဆယ်တော့ ကျွန်တော့်တိုက်နယ်အတွင်းမှာတော့ အဲဒီနှစ်ယောက်ပဲ ရှိသေးတယ်ဗျ”

ဝက်လက်မြို့နယ်အတွင်းမှာ စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ၊ မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်၊ မူးကမ်းလေး၊ ဇီးဖြူကုန်း၊ တအုံ၊ ဗီဇကုန်း၊ တောကုန်း၊ နတ်ကြီးကုန်းစတဲ့ ကျေးရွာပေါင်း (၂၁)ရွာ ရေကြီးနစ်မြုပ်ခဲ့ပြီး ဒေသခံ နှစ်သောင်းနှစ်ထောင်ကျော် ရေဘေးဒဏ်ခံစားနေရတာပါ။

လတ်တလောမှာတော့ တော်လှန်ရေးအင်အားစုတွေဟာ ဝက်လက်မြို့နယ်အတွင်းမှာ သမရိုး၊ ဇီးဖြူကုန်း၊ တအုံ၊ ဗီဇကုန်း၊ တောကုန်း၊ နတ်ကြီးကုန်း ကျေးရွာခြောက်ရွာက ရေဘေးသင့်ပြည်သူတွေအားလုံးကို ရေဘေးလွတ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားတန်ဆောင်းတွေမှာ ယာယီရွှေ့ပြောင်းပေးထားရတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဆက်လက်ပြီး ရေကြီးနစ်မြုပ်ရာမှာ ကျန်ရှိနေတဲ့ ကျွဲ၊ နွားစတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေပြီး အကောင်ရေ များလွန်းတာကြောင့် မနိုင်မနင်းဖြစ်နေတယ်လို့ ဝက်လက်မြို့နယ် ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ရွှေပန်းကုံးတိုက်နယ်တာဝန်ခံက ပြောပါတယ်။

“လူကယ်ဆယ်ရေးကတော့ အကုန်ပြီးသွားပြီဗျ။ အိမ်မွေးတိရစ္ဆာန်တွေ အဓိက ဒီဘက်ကတော့ နွားပေါ့ဗျာ၊ အဲ နွားတွေ ကယ်ဆယ်ရေးကတော့ ကျန်သေးတယ်ဗျ။ ရေထဲမှာက လက်ရှိကျန်နေသေးတာဆိုရင် ဒါ ဆယ်ဂဏန်းပိုင်းလောက်တော့ ကျန်ဦးမယ်ဗျ။ ကျွန်တော်တို့က တိရစ္ဆာန်ကယ်တာကျတော့ လှေအသေးနဲ့ကျတော့လည်း ကယ်မရဘူး။ ကျွန်တော်တို့က စက်လှေမဟုတ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ စက်လှေမရှိတဲ့အတွက် အခက်အခဲဖြစ်တာဆိုတော့လေ၊ ဘေးက လာကူညီမှ ဟို ကြီးတာနဲ့ပဲ ကျွန်တော်တို့က ကယ်လို့ရတာဆိုတော့ အတတ်နိုင်ဆုံးတော့ ဒီ နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ ကျွန်တော်တို့ ဒီ ကော်မတီ မြို့နယ်ရော၊ တိုင်းရော ရပ်ကျေးရော ပါတဲ့ ကော်မတီနဲ့တော့ အဆင်ပြေအောင်တော့ ကြိုးစားပြီးတော့ လုပ်ဆောင်နေတယ်ဗျ။”

ကယ်ဆယ်ရေးလှေတွေဟာ သေးငယ်လွန်းတာကြောင့် ကျွဲ၊ နွား တိရစ္ဆာန်တွေကို သယ်ယူလို့မရဖြစ်နေပြီး ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကယ်ဆယ်ရေးလုပ်သူတွေက ဆိုပါတယ်။

ဝက်လက်မြို့နယ်မှာ ရေဘေးကာလအတွင်း နွား အကောင်ရေ (၁၀) ကျော် ရေထဲမျှောပါ သေဆုံးခဲ့သလို လှည်းတွေ၊ စစ်ရှောင်တဲတွေနဲ့ သီးနှံတင်းပေါင်း ထောင်ချီလည်း ရေထဲ မျှောသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါ့အပြင် မာလာကာ၊ ငှက်ပျောစတဲ့ စိုက်ခင်းတွေနဲ့ လယ်ဧကသောင်းချီလည်း ရေကြီးနစ်မြုပ်သွားတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အဲ့ဒီကျေးရွာမှာ ရေဘေးသင့်ပြည်သူ သောင်းချီကိုတော့ တော်လှန်ရေးအင်အားစုနဲ့ ရေဘေးဒဏ်မခံစားရတဲ့ ပြည်သူတွေက ထမင်းထုပ်ဝေတာတွေ၊ အဝတ်အစားပေးတာမျိုးတွေလုပ်ကာ အချင်းချင်း ကူညီဖေးမဖြေရှင်းနေရပြီး မရရှိသူတွေလည်း အများအပြားရှိနေသေးတယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

“အားလုံးတော့ ပေးချင်တာပေါ့ဗျာ၊ ဒါပေမဲ့ မလောက်နိုင်ဘူးလေ။ ကျနော်တို့ဆို ထမင်းထုပ်တွေသယ်ပြီး ကယ်ဆယ်ရေးသွားတာ ညနေမှရောက်တယ်။ ဟိုရောက်တော့ ထမင်းနဲ့ဟင်းတွေက သိုးကုန်တယ်ဗျာ၊ တချို့ဆို အဲ့ဒါတွေကို စားနေကြရတယ်”

ဝက်လက်မြို့နယ် မင်းကန်ရွာက ရေဘေးသင့်ပြည်သူတစ်ယောက်ကလည်း လှတွေကျေးရွာ စာသင်ကျောင်းမှာ ခြုံစရာစောင်တောင်မရှိဘဲ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေ လာရောက်ပေးဖို့ MFP ကိုချိတ်ဆက်ကာ အကူအညီတောင်းခံထားပါတယ်။

“ဖိနပ်၊အဝတ်အစား၊ခြုံစရာစောင်တောင်မရှိပါဘူး။လေဖြတ်နေတဲ့ အဖိုးအဖွားတွေလည်း တမံသလင်းမှာ ဒီအတိုင်းအိပ်နေရပါတယ်။ ညနေဆို လာပို့တဲ့ ထမင်းတွေက သိုးနေလို့ စားမရတာမျိုးတွေလည်း ရှိပါတယ်။အလှူရှင်တွေက သရက်ချိုနဲ့ ကျောက်ကုန်းမှာပဲရှိတယ်၊ လှတွေရွာစာသင်ကျောင်းဆီ အလှူရှင်တွေ လာကူညီပေးကြဖို့ တိုက်တွန်းပေးပါအုံး။”လို့ မင်းကန်ရွာအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့ တိုင်းဒေသကြီး လေးခုထဲမှာ စစ်ကိုင်းတိုင်းက ထိခိုက်ဆုံးရုံးမှု အဆိုးရွာဆုံး ခံစားနေရပြီး သြဂုတ်လ ၁၂ ရက်နေ့အထိ စာရင်းတွေအရ ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ အရာတော်၊ ဗန်းမောက်၊စစ်ကိုင်း၊မြင်းမူ၊ ကောလင်း စတဲ့မြို့နယ် ၁၄ခုရှိ အိမ်ထောင်စုပေါင်း (၅၁,၈၅၉)စုမှ လူဦးရေ (၂၂၇,၄၉၁)ဦး ရေဘေးသင့်နေပြီး ပြည်သူ၂၅ဦးထက်မနည်း သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (MoSLHA) ကထုတ်ပြန်ထားပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် သက်ကြီးရွယ်အိုတွေ၊နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်တွေအတွက် အာဟာရနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးပေးကြဖို့ အရေးတကြီးလိုအပ်နေပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာ၊ သတင်းအချက်အလက်မရရှိတာ၊ ငွေကြေးလွှဲပြောင်းပေးပို့ရာမှာ ခက်ခက်တာ၊စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် လုံခြုံရေးကို ခြိမ်းခြောက်ခံနေရတာတွေ အပါအဝင် လူမှုကူညီရေးအဖွဲ့တွေ လက်လှမ်းမမီတာတွေနဲ့ လိုအပ်တဲ့ကုန်ပစ္စည်းတွေဝယ်ယူရ ကြန့်ကြာတာတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း(MoSLHA) ကထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝန်းမှာတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေက မြို့နယ် ၂၀ မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၅၂၁၆၃ ဦးခန့် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့ MoSLHA က ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၃ ရက်နေ့ ဒီ‌နေ့မှာလည်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုန်လေအားကောင်းနေတာကြောင့် သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ ရေကြီးရေလျှံ ထပ်မံဖြစ်ပွားနိုင်ပြီး ရေဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ MoSLHA က တိုက်တွန်းထားပါတယ်။

ဝက်လက်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း/ ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button