မကွေးသတင်း

တော်လှန်ရေးတပ်တွေ ၂ နှစ်ကျော် ထိန်းချုပ်ထားတဲ့ မြိုင်နယ်၊ ကျောက်ခွက်ရေနံမြေကို စစ်အုပ်စုစစ်ကြောင်းတွေ စတင်ဝင်ရောက်လာ၊တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက အဆက်မပြတ်ဗုံးကြဲနေဟုဆို

‌အီသာရမ်/MFP၊ဩဂုတ်-၁၄

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းက ယာကြီးပြင်ကျေးရွာက ထွက်လာပြီးနောက် ရှေ့ပြေးစစ်အုပ်စုဝင်တချို့ဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားခဲ့တဲ့ ကျောက်ခွက်ရေနံမြေကို စတင်ဝင်ရောက်နေပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

၂၀၂၄ ခုနှစ် မတ်လမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျောက်ခွက်ရေနံမြေနဲ့ Well2 ရေနံမြေဧရိယာအတွင်းကို စစ်အုပ်စုရှေ့ပြေးစစ်ကြောင်းတွေ စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး တချိန်တည်းမှာပဲ လေကြောင်းကနေလည်း အဆက်မပြတ်ဗုံးကြဲ ပစ်ကူတိုက်ခိုက်နေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“ကျောက်ခွက်ရေနံမြေထဲကို စဝင်နေပြီလို့ ကြားတယ်၊ရှေ့ပြေးစစ်ကြောင်းတွေ ဝင်တော့တာဖြစ်မှာ အခု Y12 ခုလောလောဆယ် ပစ်ကူပေးပြီး ဝင်တော့မယ်လို့ ယူဆတယ်၊မနေ့ကတည်းကလည်း တချို့တဝက် ရှေ့ပြေးတွေက ကျောက်ခွက်ဧရိယာထဲဝင်နေပြီလို့ ကြားနေတာပဲ” လို့ သူကဆိုပါတယ်။

ကျောက်ခွက်ရေနံမြေကို တော်လှန်ရေးတပ်တွေက ၂ နှစ်ကျော် ထိန်းချုပ်ထားပြီးနောက် အခုစစ်အုပ်စုစစ်ကြောင်းက ပထမဆုံးအကြိမ်အဖြစ် ရေနံမြေဧရိယာထဲကို စတင်ဝင်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့တပ်မ ၁၀၁ ခေါ် အမှတ်၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စု အင်အား ၇၀၀ခန့်ဟာ
ဇွန်လပထမပတ်ကစပြီး မြိုင်နယ်ရေနံမှော်တွေဆီ ဦးတည်ကာ နှစ်လကျော် စစ်ကြောင်းထိုးနေခဲ့ပြီး တော်လှန်ရေးတပ်တွေ့နဲ့လည်း နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ရှေ့ဆက်မရဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းက ယာကြီးပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ၁၂ ရက်ကြာအထိုင်ချတပ်စွဲပြီး ဩဂုတ်လ ၁၄ ရက်နေ့ မနေ့ကတော့ ယာဉ်တန်းနဲ့နောက်ချန်အင်အားတွေက တောင်စုံကျေးရွာကို ရောက်ရှိကာ ရှေ့ပြေးစစ်အုပ်စုတွေက ကျောက်ခွက်ရေနံမြေဧရိယာထဲကို စတင်ဝင်ရောက်တော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယာကြီးပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ၁၂ ရက်ကြာ အခိုင်အမာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုဟာ အိမ်ခြေ ၃၀၀ကျော်ရှိတဲ့ ယာကြီးပြင်ကျေးရွာထဲက အိမ်ခြေ ၂၀၀ ကျော်ကို လေးကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးသွားသလို ကျေးရွာနေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ယာကြီးပြင်ရွာကတော့ ခွေးတွေက ရက်တော်တော်ကြာတပ်စွဲပြီး ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲပြီး လေးပုံပုံရင် သုံးပုံလောက်ရှို့သွားတာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာစဉ်ပတ်မွှေစီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ နှစ်လအတွင်း မြိုင်မြို့နယ်အတွင်းက ကျေးရွာ ၁၂ ရွာခန့်က ဒေသခံပြည်သူအယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားပြီး၊ ကျေးရွာနေအိမ်အလုံးပေါင်း ၄၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်နေ့ကလည်း မြိုင်မြို့နယ်၊ ယာကြီးပြင်၊မှန်ရင်းနဲ့ ဆူးဝင်းကျေးရွာတွေအနီးက စစ်ရှောင်ပြည်သူတွေနေတဲ့ တောတိုက်တွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးကာ၊ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သလို ရေနံဆီခြံတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းရန်ကြောင့် ယာကြီးပြင်၊တောင်စုံ၊မှန်ရင်း၊မြောင်းမြားနဲ့တဲကြီးကျေးရွာတို့က ဒေသခံတွေအပါအဝင် နဲ့ကျောက်ခွက်ရေနံမြေထဲက ရေနံလုပ်သားတွေနဲ့ ဈေးသည်တွေ အားလုံး စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြိုင်နယ်အတွင်း ရေနံမှော်တွေက ရေနံလုပ်ငန်းခွင်တချို့ နဲ့ စစ်အုပ်စုမီးရှို့ဖျက်ဆီးသွားတဲ့ မြိုင်နယ်အတွင်းက ကျေးရွာတွေကို တွေ့ရစဉ် /ဓာတ်ပုံ-ထင်လင်း၊ဒေသခံ

Related Articles

Back to top button