သတင်း – ဓာတ်ပုံ / မင်းခန့်ကျော်
MFP၊ ဩဂုတ် – ၁၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်း မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဩဂုတ် ၇ရက် ညနေပိုင်းက စတင်ပြီး ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေကြရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်ရွာသွန်းတာနဲ့ အာဏာသိမ်း စစ်အုပ်စုက ဩဂုတ် ၅ရက်နဲ့ ၆ရက်တွေမှာ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ချလိုက်တာကြောင့် ဝက်လက်နယ် အပါအဝင် မူးမြစ်ရိုးတလျှောက်ရှိ မြို့နယ် ၁၀ နယ်က မြို့၊ရွာ ၂၀၀ ကျော် ရေဘေးဒုက္ခကြုံနေကြရတာပါ။
သဖန်းဆိပ်ဆည်ကတဆင့် မူးမြစ်ရိုးအတိုင်း ဆင်းလာတဲ့ ရေတွေဟာ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို စတဲ့ မြို့နယ်တွေကို ဖြတ်ကျော်ပြီးနောက် ဩဂုတ် ၇ရက်မှာ ဝက်လက်မြို့နယ်ထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မူးမြစ်ရေက မျှော်လင့်ထားတာထက်ပိုပြီး အရှိန်ပြင်းပြင်းနဲ့ ဆောင့်ဝင်ကာ တဟုန်ထိုး ရေတက်လို့ ဘာပြင်ဆင်ချိန် မရခဲ့ကြဘဲ အသက်ရှင်ကျန်ဖို့ ရေလွှတ်ရာ ကျောက်လမ်းမတွေနဲ့ အဆောက်အဦး မြင့်တဲ့ နေရာတွေမှာ စုပြုံကာနေကြရင်း ရေဘေးဒုက္ခတွေကို ခံနေကြရတာပါ။
“ရေဝင်လာတာ သုံးရက်ရှိနေပြီ။ ဘာပစ္စည်းမှ သယ်ချိန်လည်းမရခဲ့ဘူး။ အိမ်ကလည်း မြုပ်နေပြီ။ ရိုက်ဖတ်ထုံးတွေ (ကောက်ရိုး)လည်း အားလုံး မျောပါသွားတာ။ အခုမိုးကာတောင် သူများဆီက ငှါးပြီး သုံးထားရတာ” လို့ ရေဘေးဒုက္ခကြုံနေရတဲ့ ဝက်လက်နယ် မြင်သည်ရွာသူ ဒေါ်ဆိတ်က ဆိုပါတယ်။
ရေဘေးသင့်ကျေးရွာတွေအတွက် သောက်သုံးရေ၊ အစားအသောက်၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေသလို ရေမြုပ်နေသူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ဖို့ စက်လှေနဲ့ စက်သုံးဆီလည်း အလုံအလောက် မရှိဘဲ စက်လှေတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ် ။
လူတွေသာမက နွား၊ ကြက်၊ ဝက် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ ရေဘေးဒုက္ခကြုံနေကြရတာလို့ ဆိုပါတယ်။
“နေမှု့ထိုင်မှုတွေ အခက်အခဲ ရှိကြတာပဲ။ အိမ်မွေးတိရိစ္ဆာန်တွေရောပေါ့။ အရင်က ရေကြီးတာ ခံဖူးပေသိ ဒီလောက်ထိ မဆိုးဘူး။ အခုက အားလုံး အကုန်ဆုံးရှံးကြတာပဲ“ လို့ သမ္မရိုးဒေသခံ ကိုသိန်းစိုးက ကယ်ဆယ်ရေး ဆောင်ရွက်နေရင်း အခက်အခဲတွေကို ပြောပြပါတယ်။
စပါးခင်း၊ မတ်ပဲခင်း၊ မာကလာခြံ၊ ငှက်ပြောခြံ စတဲ့ သီးနှံစိုက်ခင်းတွေလည်း ရေမြုပ်ပျက်စီးကာ တောင်သူလယ်သမားတွေ ဆုံးရှုံးမှုများတယ်လို့ ဆိုပါတယ် ။
“စိုက်ခင်းတွေအကုန် ရေမြုပ်တာပဲ၊ လယ်တွေရော၊ ကြက်သွန် ဖြူ/နီ မျိုးတွေ၊ အကုန် လစ်သွားတော့တာပဲ” လို့ သမ္မရိုးဒေသခံ ရေဘေးသင့်တောင်သူတစ်ဦးက ဆိုပါတယ်။
ဝက်လက်မြို့နယ် အနောက်ခြမ်း၊ မူးမြစ်ရိုးတလျှောက်ရှိ စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ၊ မြင်းသည်၊ ကျောက်တိုင်၊ တည်တော၊ သမ္မရိုး၊ ကိုင်းရွာ၊ နဘဲလှ၊ ရွှေအိုးရ၊ မင်းကန်၊ သရက်ချို၊ ကျောက်ကုန်း စတဲ့ ကျေးရွာတွေ ရေမြုပ်ကာ ထောင်သောင်းချီတဲ့ ပြည်သူတွေ ရေဘေးဒုက္ခ ခံနေကြရတာပါ။
လက်ရှိမှာ မူးမြစ်ရေ အနည်းငယ် ပြန်လည် ကျဆင်းနေပြီ ဖြစ်ပေမယ့် နေအိမ်တွေ ရေမြုပ်နေဆဲ ဖြစ်သလို လမ်းတံတားတွေ၊ မူးဘောင်တွေ ရေတိုက်စား ကျိုးပျက်တာကြောင့် ရေခမ်းခြောက်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အချိန်ယူရဦးမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးသည်းထန် ရွာသွန်းတာနဲ့ ဆည်ရေ ဖောက်ထုတ်တာတွေကြောင့် စစ်ကိုင်းတိုင်း မြို့နယ် ၁၃ ခုရှိ ပြည်သူ ၂၂၀,၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံနေရကာ သေဆုံးသူ ၂၀ ကျော် ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန် ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



