အညာ ရေဘေးသင့်ချိန် စစ်အုပ်စုက စစ်ကိုင်းတိုင်းထဲ အင်အား ထောင်ချီ တပ်အပြောင်းအရွှေ့ လုပ်နေ၊

စစ်ကိုင်းတိုင်း အခြေစိုက် တပ်တချို့ကို ချင်းပြည်ဘက် ပို့ပြီး တချို့ကို နမခ ထဲ စုတာဖြစ်၊
ကိုသူ/MFP၊ ဩဂုတ် – ၁၄
စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်နေချိန် စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားတဲ့ အင်အား ထောင်ချီတဲ့ အသေခံ စစ်သားသစ်တွေကို နေရာအပြောင်းအရွှေ့ လုပ်နေပြီး တချို့ကို ချင်းပြည်ဘက် ပို့ကာ တချို့ကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲ စုဝေးနေတယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၃ရက် မနေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒ.က.စ) ကနေ အင်အား ၄၅၀ ကျော်ပါ စစ်ကားတန်း ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ဘက် စစ်ကူပို့လွှတ်သလို မနေ့က ညနေပိုင်းမှာလည်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်ကနေ အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စုကို မုံရွာမြို့ နမခ ဘက် ပို့လွှတ်တာတွေ့ရတယ်လို့ ဆိုပါတယ်။
ချင်းပြည်ဘက် ပို့တဲ့ စစ်အုပ်စုဟာ ချင်းပြည်မြောက်ပိုင်းရှိ စစ်ရှုံးမြို့ရွာတွေ ပြန်ရရေး ဆက်လက် ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်ပြီး နမခ ဘက် ပို့လွှတ်တဲ့ စစ်အုပ်စုကတော့ ရေဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်းထဲ စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်သလို မကွေးတိုင်း၊ မြိုင်နယ်နဲ့ ယောနယ်တွေဘက် ပို့ဖို့လည်း ဖြစ်နိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
“ကလေးဘက်ကတော့ အင်အား ၄၀၀ ကျော် တယ်။ ချင်းပြည်၊ ဖလမ်းဘက်ကို ဦးတည် တက် သွားတယ်။ ဟားခါးက စစ်ကြောင်းတွေက ဖလမ်းဘက်ကို မနေ့က လာတယ်။ ကလေးကလာတဲ့ စစ်ကြောင်းကို ကူဖို့ နေမှာ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာ နမခ ကို ပို့တဲ့အထဲ ပေါ်တာဆွဲခံ စစ်သားသစ်တွေ သာမက အပြာယူနီဖောင်း ဝတ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ နမခ ကတဆင့် မကွေးတိုင်း မြိုင်နယ်၊ ရေနံမှော်တွေဘက် ထိုးစစ်ဆင်ရင်း အထိနာ အသေများလို့ စစ်ကူပို့ဖို့ ဖြစ်သလို ယောဒေသကနေ ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နေတာ အထိနာ အသေများ နေတာကြောင့် နောက်ထပ် အသေခံ စစ်သားအဖြစ် အသုံးချဖို့ ပို့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ မုံရွာမြို့တို့ကတဆင့် ရေကြောင်းကနေလည်း ခန္တီးနယ်နဲ့ ကချင်ပြည်ဘက် လူ၊လက်နက် အင်အားဖြည့်တင်းနေတာ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မကွေးနဲ့ ချင်းတောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက် စစ်ကြောင်းထိုးဖို့လို့ ဖြစ်နိုင်တယ်။ အဲ့ဒီကနေ ရခိုင်ထိ ဦးတည်ချင်နေတာ။ စစ်ကိုင်းတိုင်းက တပ်လှုပ်၊ တပ်ရွှေ့ကတော့ တမူးဘက်မှာတော့ လူတွေ ထပ် ပို့ထားတာ ရှိတယ်။ ရေကြောင်းကို ကြည့်မယ်ဆိုရင်တော့ မုံရွာကတက်တဲ့ သင်္ဘောတွေက ကချင် အစပ် လက်နက်နဲ့ လူချပြီး ဖောင်းပြင်မှာ ရပ်ထားတယ်။ ကျန်တဲ့ နေရာတွေကတော့ လောလောဆယ် ငြိမ်နေတယ် ပြောရမယ်”
ခုခံတော်လှန်မှု အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း ရေကြီးနစ်မြုပ်နေချိန် စစ်အုပ်စုက တပ် အပြောင်းအရွှေ့တွေ လုပ်နေတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သဘာဝဘေးကို လက်နက်အဖြစ် အသုံးချကာ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ငလျင်ဘေး ကြုံစဉ်ကလည်း သဘာဝ ဘေးကြောင့် တော်လှန်ရေးတပ်တွေ ထိုးစစ်ရပ်တာကို အသုံးချကာ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေကို ပြန်လည် ထိုးစစ်ဆင် သိမ်းယူခဲ့ပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်ရွာသွန်းတာနဲ့ စစ်အုပ်စုက ဆည်ရေ ဖောက်ချ တာကြောင့် ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ စစ်ကိုင်း၊ မြင်းမူ စတဲ့ မုးမြစ်ရိုးတလျှောက် မြို့နယ်တွေ ရေမြုပ်နေသလို ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရိုးရှိ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မြောင်၊ ကောလင်း၊ စတဲ့ မြို့နယ်တွေလည်း ရေဘေးဒုက္ခ ကြုံနေကြရပါတယ်။
အဲ့ဒီ ရေဘေးဒုက္ခကြုံနေရတဲ့ ဒေသတွေဟာ အာဏာသိမ်းပြီး ငါးနှစ်ကျော်အထိ စစ်အုပ်စု မထိန်းချုပ်နိုင်သေးတဲ့ ဒေသတွေ ဖြစ်ပါတယ်။
ရေကြီးနစ်မြုပ်ချိန် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ပြတ်တောက်နေတာကြောင့် စစ်အုပ်စု အနေနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ မလုပ်နိုင်သေးပေမယ့် အထက်ပါ ရေဘေးသင့် မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲတာတွေကိုတော့ ပုံမှန်အတိုင်း ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ရေဘေးဒုက္ခ #နမခတပ်အပြောင်းအရွှေ့



