စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ – ယာကြီး – ကလေးဝလမ်း စစ်အုပ်စု အင်အားထောင်ချီ သုံးကာ တကြော့ပြန် နှစ်ဘက်ညှပ် စစ်ကြောင်းထိုး၊

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန် ထိန်းချုပ်နိုင်ရေး စစ်အုပ်စု အပြင်းအထန် ကြိုးစားနေ၊

ရွှေဥ/MFP၊ ဩဂုတ် – ၁၈

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျှောက် အာဏာသိမ်း စစ်အုပ်စုက အင်အား ထောင်ချီအသုံးပြုကာ ဒုတိယအကြိမ် တကြော့ပြန် နှစ်ဘက်ညှပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စု သုံးနှစ်ကျော် ခြေမချနိုင်ဘဲ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အာရှအဝေးပြေး လမ်းမကြီးရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ စစ်ကိုင်းတိုင်း အတွင်းရှိ ၁၁၅ မိုင် ရှည်လျားတဲ့ မုံရွာ -ယာကြီး- ကလေးဝ လမ်းပိုင်းတလျှောက် စစ်အုပ်စုက ပြီးခဲ့တဲ့ သင်္ကြန်ကာလကနေ ဇူလိုင်လဆန်းအထိ စစ်ကြောင်းထိုးခဲ့ပြီးနောက် ယခု ဩဂုတ် ၁၅ရက်မှာ တကြော့ပြန် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဩဂုတ် ၁၅ရက်မှာ ကလေးဝမြို့ကတဆင့် စစ်အုပ်စု အင်အား ၄၀၀ လောက် တစ်ဖွဲ့၊ ဩဂုတ် ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ စစ်အုပ်စု အင်အား ၁၀၀၀ လောက်နဲ့ တစ်ဖွဲ့၊ နှစ်ဖက်ညှပ်ကာ မုံရွာ – ကနီ – ယာကြီး – မင်းကင်း – ကလေးဝ လမ်းတလျှောက် တကြော့ပြန် စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ကြောင်းက နှစ်ဘက်က ထိုးတဲ့ အခြေအနေပါ၊ မုံရွာကနေ တက်ခဲ့တာက ကားက ရိုးရိုးကားတွေနဲ့ လာတယ်။ ချောင်းမရွာ (ယင်းမာပင်နဲ့ကနီအစပ်) ဘက်မှာ တပ်စွဲထားတယ် လောလောဆယ်။ အဲ့ဒီ စစ်ကြောင်းက အင်အားက များတယ်။ နှစ်ကြောင်းခွဲမလား မသိဘူး၊ တစ်ကြောင်းက ယာကြီးလမ်း ထိုးဖို့ ပြင်နေတာက သေချာတယ်။ ကလေးဝက စစ်ကြောင်းကတော့ သဲယိုင်ရွာနားမှာပဲ ရှိသေးတယ်။ အဲ့ဒီနားမှာ တိုက်ပွဲဖြစ်လို့ ရှေ့မဆက်နိုင်သေးဘူး”

နမခ ကလာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ မုံရွာမြို့နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ ယင်းမာပင်နဲ့ ကနီနယ်အစပ်၊ ချောင်းမရွာကို ရောက်ရှိနေပြီး ကလေးဝမြို့နယ်က လာတဲ့ စစ်ကြောင်းကတော့ မြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ မင်းကင်းမြို့နယ်၊ သဲယိုင်ကျေးရွာအနီး ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ကလေးဝမြို့နယ်က လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်လို့ သဲယိုင်ရွာ အနီးကနေ ရှေ့ဆက်မတိုးနိုင်သေးဘူးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“သဲယိုင်နားမှာ ဝိုင်းပစ်ကြတာ၊ သေဆုံး၊ အထိအခိုက်ကတော့ မသိရသေးဘူး၊ တိုက်ပွဲက ဒီနေ့ထိ (ဩဂုတ် ၁၇) ပြင်းထန်နေတယ်”

အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းတွေမှာ ပါရှိသူ အများစုဟာ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်ကနေ အဓမ္မ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေနဲ့ ကလေးဝမြို့ အထက်ပိုင်း ချင်းတွင်းမြစ်ရိုးတလျှောက် မြို့၊ရွာတွေကနေ အဓမ္မ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ ဖြစ်ပြီး စစ်အုပ်စုက အဲ့ဒီ စစ်သားသစ်တွေကို အသေခံ ရှေ့ကတက်ခိုင်းနေတာလို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ သူတို့ သုံးနှစ်ကျော်ကြာ ခြေမချနိုင်တဲ့ အဲ့ဒီ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတလျှောက် ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ပေါ်တာဆွဲ စစ်သားသစ်တွေ အသုံးချကာ အင်အား ၂၅၀ ကျော်နဲ့ ပြီးခဲ့တဲ့ သင်္ကြန်ကာလက စတင်ပြီး သုံးလကြာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ယခု တကြော့ပြန် ထပ်မံ စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

အဲ့ဒီ ပထမအကြိမ် စစ်ကြောင်းထိုးပြီးနောက် စစ်အုပ်စုက မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျှောက် ယခင်ရှိခဲ့တဲ့ စခန်းဟောင်းနေရာတွေမှာ လက်နက်နဲ့ လူ အနည်းငယ်ချထားခဲ့ပြီး လက်ရှိမှာတော့ အဲ့ဒီ ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် လမ်းပိုင်းတလျှောက် စခန်းထိုးချဲ့ဖို့ လူ၊ လက်နက် ထပ်မံဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ကနီမှာဆို တာဝါတိုင်မှာ ရှိတယ်။ မင်းကင်းဘက်ကတော့ ကျော်ရွာ၊ ကြာပင်၊ မအူ ဒီသုံးနေရာပဲ ရှိတယ်၊ အထိုင် စခန်းတွေက အဲ့ဒီနေရာတွေမှာပဲ သူတို့ရှိတာ၊ အခုကတော့ လက်နက်နဲ့ အထိုင်စခန်းတွေ တပ်ချဖို့ ဖြစ်နိုင်တယ်” လို့ ကနီနယ်ခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်ကြောင်းထိုး၊ ရန်ပြုနေလို့ ယင်းမာပင်၊ ကနီနဲ့ မင်းကင်းနယ်ရှိ တရော်ကျင်း၊ ချောင်းမ၊ ဇီးပင်တွင်း၊ အောင်မင်္ဂလာ၊ သင်းဝံ၊ တွင်းမ၊ သမင်ခြံ၊ မုခ်ဌော၊ အင်းမှော်၊ ၂၄ မိုင်ရွာ၊ ၂၈ မိုင်ရွာ၊ ကသတ်၊ လာပို့၊ အင်ကြင်းပင်၊ ထန်းတပင်၊ ဆယ်ရွာချောင်၊ ကျောက်တန်း၊ ဂုံညှင်း၊ အင်း၊ မြေနီ၊ ဝရဲ၊ မြို့မ၊ ခင်ဦး၊ မြင်ဦး၊ သိမ်း၊ မိုင်၁၀၀ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်မင်ထင်တဲ့ နေရာတွေဆီ ရှောင်တိမ်းနေကြပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စု လက်က လွှတ်အောင် တိမ်းရှောင်ကြဖို့ တော်လှန်ရေး အင်အားစုကလည်း တိုက်တွန်းထားပါတယ်။

စစ်အုပ်စုဟာ မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျွှောက် ပထမအကြိမ် စစ်ကြောင်းထိုးစဉ်ကလည်း ကနီမြို့နယ် တနယ်ထဲမှာတင် အရပ်သားပြည်သူ လေးဦးထက်မနည်း သတ်ဖြတ်ခဲ့သလို ကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိပစ္စည်းတွေ ခိုးယူတာ၊ ရိက္ခာနဲ့ အိမ်မွေးတိရစ္ဆာန်တွေ လုယက်စားသောက်တာ၊ ရွာမီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့ပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါဆုံး လမ်းပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး ကားလမ်းတလျှောက် တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတာကြောင့် မင်းအောင်လှိုင် အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာချိန်အထိ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေးဘဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ သူ့ကို အိန္ဒိယက လူရာသွင်း ဆက်ဆံစေဖို့ရာအတွက် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေး လုပ်ဆောင်ဖို့ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ခိုင်းစေထားတာကြောင့် အခုလို ပေါ်တာဆွဲ စစ်သားသစ်တွေ အသုံးပြုကာ လမ်းပိုင်းစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

သင်္ကြန်ကာလအပြီး မုံရွာ – ယာကြီး – ကလေးဝ လမ်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု/Photo – ဒေသခံ၊ စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေး #ဆေးရုံစာသင်ကျောင်း #မုံရွာယာကြီးကလေးဝလမ်း

Related Articles

Back to top button