စစ်ကိုင်းသတင်း

အညာ ရေဘေးသင့်လို့ ပြေးစရာမြေမရှိတဲ့ ပြည်သူတွေကို စစ်အုပ်စု ဗုံးပတ်ကြဲ သတ်ဖြတ်နေ၊

ရေဘေးကြုံနေတဲ့ ဝက်လက်၊ အရာတော်၊ ခင်ဦး၊ မတ္တရာနဲ့ စဉ့်ကူးနယ်တွေကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ တစ်ပါတ်အတွင်း ပြည်သူ လေးဦးထက်မနည်း သေဆုံး၊

MN၊ ကျီးညို/MFP၊ ဩဂုတ် – ၁၈

ရေကြီးနစ်မြုပ်လို့ ပြေးစရာမြေမရှိ ဖြစ်နေတဲ့ အညာဒေသ ပြည်သူတွေကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေပြီး ယခု ရက်သတ္တပတ်အတွင်း ဝက်လက်၊ အရာတော်၊ ခင်ဦး၊ မတ္တရာနဲ့ စဉ့်ကူးနယ်တွေ ဗုံးကြဲခံရကာ လေးဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ် ၁၇ရက် မနေ့က ရေဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကောင်းသစ်ကျေးရွာနဲ့ ကြွေပုဂံကျေးရွာတို့ကို စစ်အုပ်စုက ဒရုန်းနှစ်စီးစီနဲ့ ဗုံးကြဲလို့ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်းထုတ်ပြန်ပါတယ်။

မူးမြစ်ရိုးရှိ ရေမြုပ်နေတဲ့ ကောင်းသစ်ကျေးရွာကို စစ်အုပ်စုက မနေ့က မနက် ၁၁နာရီကျော်အချိန် ရွှေဘို လေ့ကျင့်ရေး ၈ ခေါ် ရွှေဘိုမြို့ အမှတ် ၈ စစ်တန်းလေ့ကျင့်ရေးကျောင်းက တက်လာတဲ့ ဒရုန်း နှစ်စီးနဲ့ ဗုံးကြဲပြီးနောက် ကြွေပုဂံရွာကိုတော့ ညပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဒရုန်းနှစ်စီးနဲ့ ထပ်မံ ဗုံးကြဲတာလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“ပထမဆုံး တစ်စီးက တိုက်တော့ နှစ်ယောက် ထိသွားတယ်၊ အဲ့ဒီ ထိသွားတာကို လူတွေ ဝိုင်းအုံ ကြည့်နေတဲ့ အချိန် နောက်ထပ်တစ်စီး ထပ်တိုက်တာ” လို့ ကောင်းသစ်ရွာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရမှု အခြေအနေကိုသိတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကောင်းသစ်ရွာ တိုက်ခိုက်ခံရမှုကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးရှိကာ အဲ့ဒီထဲက လေးဦးဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

“ကောင်းသစ်ရွာက မူးမြစ်ဘေးက ရွာဆိုတော့ ရေကြီးတာပေါ့၊ ရေကျတာလေးမှ တစ်ရက်လား ရှိသေးတာ။ အဲ့ဒီလို ရေဘေးသင့်နေတဲ့အချိန် ခုလို တိုက်ခိုက်ခံရတာပဲ” လို့ အထက်ပါ ဒေသခံက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၈ရက် ဒီမနက်ပိုင်း ဝက်လက်နဲ့ မတ္တရာနယ်အစပ်၊ ဧရာဝတီမြစ်ရိုးရှိ ရေမြုပ်နေတဲ့ ညောင်ပင်ကြီး‌တော၊ ကူကောင်းနဲ့ ဒေါင်းကျွန်းရွာတွေပေါ် စစ်အုပ်စုက မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ သုံးကြိမ်ထက်မနည်း ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ဒေါင်းကျွန်းရွာခံ အသက် ၆၀ အရွယ် ဒေါ်မာရီ ဆိုတဲ့ ပြည်သူတစ်ဦး သေဆုံးတယ်လို့ ဝက်လက်မြို့နယ် ပအဖ နဲ့ ဒေသခံ မြေပြင်ကင်းထောက်အဖွဲ့ Wetlet Info Network က ထုတ်ပြန်ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေပါသဖြင့် မိဘပြည်သူများ အနေဖြင့် လေကြောင်း သတိ၊ လေကြောင်း အသိဖြင့် နေထိုင်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်” လို့ ဝက်လက်မြို့နယ် ပအဖ က တိုက်တွန်းပါတယ်။

ဝက်လက်မြို့နယ်ဟာလည်း ကျေးရွာ ၂၀ ကျော် ရေကြီးနစ်မြုပ်ကာ ရေဘေးသင့်နေတဲ့ ဒေသဖြစ်ပြီး စစ်အုပ်စုက ရေဘေးကြုံနေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ် ၁၀ ရက်ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ကျေးရွာတွေကို ရွှေဘို လေ့ကျင့်ရေး ၈ က တက်လာတဲ့ ဒရုန်းတွေနဲ့ သုံးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဩဂုတ် ၁၁ရက်ကလည်း ရေဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကွမ်းတိုင်းကျေးရွာရှိ နေအိမ်နဲ့ နွားခြံတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲရာ ရွာခံ ပြည်သူတစ်ဦး ဒဏ်ရာ ရပြီး နွား ၁၀ ကောင်ကျော် သေဆုံးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၄ ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းကလည်း ရွှေဘိုမြို့နယ်ရဲ့ မြစ်တဖက်ခြမ်း၊ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကျေးရွာတွေကို စစ်အုပ်စုက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အသက် ၆၀ ဝန်းကျင် အဖွားတစ်ဦး သေဆုံးတယ်လို့ ဒေသခံမြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ရှိသူက ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုက ဗုံးပတ်ကြဲနေတဲ့ ဝက်လက်၊ အရာတာ်၊ ခင်ဦးနယ်တွေဟာ စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေ ဖောက်ချလို့ ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်မှုဒဏ် ခံနေကြရတာ ဖြစ်ပြီး ရေဘေး၊ စစ်ဘေးနဲ့ လေကြောင်းအန္တရာယ်ကို တပြိုင်တည်း ခံစားနေကြရတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ရေဘေးသင့် အညာဒေသ အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲမှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၈၊ ၁၇နဲ့ ၁၁ရက်က စစ်ကိုင်းတိုင်း ဝက်လက်၊ အရာတော်နဲ့ ခင်ဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အရာတော် #ဆေးရုံစာသင်ကျောင်း #ဗုံးကြဲ

Related Articles

Back to top button