စစ်ကိုင်းသတင်း

စစ်ကိုင်း ကောင်းမှုတော်အနီး စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွားတွေကို ကားပေါ်ကဆွဲချ ပေါ်တာဆွဲနေ၊

စစ်ကိုင်းနဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လိုက်လံ ဖမ်းဆီးပေါ်တာဆွဲနေ၊

Phoenix/MFP ၊ ဩဂုတ် – ၁၈

စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီး၊ မန္တလေး – ရွှေဘို – မုံရွာကားလမ်းပေါ်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွား ပြည်သူတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းနေပြီး ဒီကနေ့လည်း ခရီးသည်တင် ကားတစ်စီးပေါ် လိုက်ပါလာတဲ့ လူငယ် အမျိုးသား သုံးဦးကို ကားပေါ်က ဆွဲချကာ ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ် ၁၈ ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီး ငွေညှစ်ဂိတ်မှာ ခရီးသွားပြည်သူနဲ့ ကားတွေကို တားဆီးစစ်ဆေး၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုက ကားတစ်စီးပေါ်မှာ ပါလာတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသား သုံးဦးကို မှတ်ပုံတင် စစ်ဆေးပြီးနောက် ကားပေါ်ကနေ ဆွဲချကာ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဒေသခံ မြေပြင်ကင်းထောက် Voice Of Mandalay (VOMdy) တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းမြို့ရှိ စစ်ဆေးရေး ဂိတ်တွေမှာ ဖမ်းဆီးတာအပြင် အရပ်သား ကားတွေနဲ့လည်း မြို့တွင်း လှည့်လည် ဖမ်းဆီးပေါ်တာဆွဲနေပြီး အဓိကအားဖြင့် စစ်ကိုင်းစက်မှုဇုန်နဲ့ မြို့ အနောက်ဖက်ခြမ်း၊ ဧရာဝတီမြစ် ဇက်ဆိပ်တွေမှာ အလုပ်သွား အလုပ်ပြန်ချိန်တွေ စောင့်ဆိုင်းဖမ်းဆီး ပေါ်တာဆွဲနေတယ်လို့ စစ်ကိုင်းနယ်ခံတစ်ဦးက ပြောပါတယ်။

“အရပ်သားကားတွေနဲ့ မြို့ထဲ ပတ်နေတာ၊ ကြုံရင် ကြုံတဲ့နေရာ ဆွဲပဲ။ လူငယ်အများစုရှိတဲ့ စက်မှုဇုန်တို့၊ အနောက်ဖက်ကမ်းက အလုပ်သမားတွေ အသွားအပြန်လုပ်တဲ့ ဇက်ဆိပ်တို့က hot spot area တွေပဲ” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာလည်း စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လှည့်လည် ပေါ်တာဆွဲနေပြီး လမ်းမကြီးတွေ၊ စက်မှုဇုန်လမ်းတွေ၊ ကမ်းနားလမ်းနဲ့ ဈေးအနီး စတဲ့နေရာတွေမှာ လှည့်ပတ် ချောင်းမြောင်းနေကာ လမ်းသွားလမ်းလာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲတာလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့မှာတော့ စစ်အုပ်စုက လူလိုရင် လိုသလောက် တစ်ပါတ်ထဲနဲ့ လူ ၂၀ကျော်အထိ ပေါ်တာဆွဲတာတွေ ရှိတတ်သလို အိမ်ပေါ်အထိ တက်ပြီး ပေါ်တာဆွဲတာ၊ ဧည့်စာရင်း စစ်ဆေးတာကို အကြောင်းပြပြီး ဖမ်းဆီးပေါ်တာဆွဲတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ တစ်လကို ပျှမ်းမျှ လူ ၅၀၀၀ နှုန်း စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး နိုင်ငံတဝန်းရှိ အခြေခံလူတန်းစား၊ အလုပ်သမား လူငယ်တွေကို ပစ်မှတ်ထား၊ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းနေတာလို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

အဲ့ဒီ တစ်လ ၅၀၀၀ နှုန်း စုဆောင်းရရှိလာတဲ့ စစ်သားသစ်တွေကို ရက်တို စစ်သင်တန်းပေးကာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ပီးနောက် အသေခံစစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေတာလို့ ဆိုပါတယ်။

မုံရွာမြို့တွင်း အိမ်စီးကားတွေ၊ စစ်ကားတွေ အသုံးပြု သွားလာကာ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်အုပ်စု/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ကောင်းမှုတော်ဘုရား #ပေါ်တာဆွဲစစ်သားသစ် #မုံရွာပေါ်တာဆွဲ

Related Articles

Back to top button