
မူးမြစ်ရိုး ရေပြန်ကျနေပြီဖြစ်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေဆဲ၊
MN/MFP ၊ ဩဂုတ် – ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ချခဲ့တာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုး တလျှောက်ရှိ စစ်ဘေးရှောင်တဲ အလုံးရေ ထောင်နဲ့ချီ ရေမျောပါ ပျက်စီး ခဲ့ပြီး ပြန်လည် တည်ဆောက်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၅ ရက်နဲ့ ၆ရက်တွေမှာ စစ်အုပ်စုက သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ထုတ်လိုက်တာကြောင့် ဆည်ရဲ့အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ တန့်ဆည်၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေက မြို့၊ရွာ ၂၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး မြစ်ရိုးတလျှောက် ခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ တဲအလုံးရေ ထောင်နဲ့ချီ ရေမျောပါ၊ ရေနစ်မြုပ် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
“အခက်အခဲတွေကတော့ ဘယ်ကစပြီး ပြောလို့ပြောရမှန်းကို မသိတော့ပါဘူး။ တောထဲ တဲတွေ အကုန်လုံးက ရေတွေထဲ ပါသွားကုန်ပြီ။ အခုတော့ လူတွေက သစ်ပင်တွေအောက်မှာ အကုန်လုံး နေနေကြရတာ။ အမိုးအကာတွေကလည်း မလုံလောက်ဘူး။ ရေကြီးချိန် ဘာမှကို မရလိုက်ဘူး။ တိရစ္ဆာန်ကအစ သစ်သီးသစ်ပင်အဆုံး ဘာမှကို မရလိုက်ဘူး။ ခြုံဝတ်ခြုံစက အစ ဘာမှကို မရလိုက်ကြသူက များတယ်။ အခုတော့ လာလှူကြမယ့် အလှူရှင်တွေကိုပဲ ထိုင်မျှော်နေရတာ”လို့ တန့်ဆည်နယ် မြောက်ခြမ်းရှိ ရေဘေးသင့် စစ်ရှောင်အမျိုးသမီးက MFP ကို ပြောပါတယ်။

တန့်ဆည်နယ်ထဲရှိ စစ်ရှောင်ပြည်သူတွေဟာ မူးမြစ်ရိုးတလျှောက် ငါးနှစ်ကျော်ကြာ ယာယီတဲတွေနဲ့ စစ်ဘေးတိမ်းရှောင် နေထိုင်နေကြရတာ ဖြစ်ပြီး အဆောက်အဦ(တဲ) ပြန်လည် ဆောက်လုပ်နိုင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသား တစ်ဦးက ဆိုပါတယ်။
“စစ်ဘေးရှောင် ပြည်သူတွေက ရေတက်လာတဲ့ အချိန်မှာ ရေက တအားများတော့ ပစ္စည်းတွေ သိမ်းဆည်းချိန် မရလိုက်ကြတာပေါ့။ ရေက ဒလဟော စီးလာချိန်မှာ လူလွတ်ရုန်း ထွက်လာကြရတာ။ သူတို့ တပိုင်တနိုင်လေးပဲ ပါလာကြတာဆိုတော့ အဝတ်အစားက အစ လိုအပ်နေတာပေါ့။ အခု စစ်ရှောင်တဲတွေ ပြန်တည်ဆောက်ဖို့က အလှူငွေတွေကတော့ လိုအပ်နေတာပေါ့နော်။ စစ်ရှောင်တွေ အတွက်ကတော့ စားနပ်ရိက္ခာတို့ ဆေးဝါး၊ သောက်ဆုံးရေ အဲဒါတွေလည်း ထိုက်သင့်သလောက် လူမှုကူညီရေး အဖွဲ့တွေက လုပ်ဆောင်ပေးနေပေမဲ့ လိုအပ်တာတွေကတော့ များနေတာပေါ့နော်။ လက်ရှိကတော့ ရေဘေးကြောင့် စစ်ဘေးရှောင်တွေရဲ့ တဲတွေ ပျက်စီးသွားတဲ့အတွက် အဲဒီဟာတွေ ပြန်လည် တည်ဆောက်နိုင်ဖို့က သစ်၊ဝါးတွေ သယ်ယူနိုင်ဖို့ လတ်တလောမှာတော့ လမ်း၊တံတားတွေ အရင်ဆုံး ပြင်နေရပါတယ်”လို့ တန့်ဆည်နယ်ထဲက စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
တန့်ဆည်မြို့နယ်မှာ ကျေးရွာ ၁၂ ရွာက လူဦးရေ ၁၁,၇၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဆိုပါတယ်။

ရွှေဘို၊ ဝက်လက်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာလည်း မူးမြစ်ရိုးတလျှောက်ရှိ စစ်ရှောင်ပြည်သူတွေရဲ့ တဲအလုံးရေ ထောင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။
“စစ်ရှောင်တဲတွေကတော့ အကုန်လုံး ပျက်စီးသွားတာဆိုတော့ အကုန်လုံး ပြန်ဆောက်ပေးရမှာပါ။ ပုံမှန် နေအိမ်တွေဆိုတာက ရေပြန်ကျသွားတဲ့အချိန် ပြန်နေလို့ ရသေးတယ်။ စစ်ရှောင်တဲတွေဆိုတာက အိမ်တွေလို အခိုင်အမာ ဆောက်ထားတာ မဟုတ်တော့ ပြန်ဆောက်ပေးရမှာ။ သူတို့အတွက် ပြန်လည် ထူထောင်ရေးကတော့ အိုး၊ခွက်၊ပန်းကန် ကအစ ပြန်လုပ်ပေးရမှာပါ။ ပြန်လည် ထူထောင်ရေးအတွက် အလှူရှင်တွေ လိုအပ်နေပါတယ်” လို့ ရွှေဘိုနဲ့ ဒီပဲယင်းနယ်ရှိ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နိုင်ရေး တဲတစ်လုံး ပြန်ဆောက်ဖို့အတွက် အနည်းဆုံး ကျပ် ၁၅ သိန်းကျော် ကုန်ကျစရိတ်ရှိတယ်လို့လည်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

လက်ရှိမှာ မူးမြစ်ရိုးတလျှောက် ရေပြန်ကျနေပြီဖြစ်ပေမဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက် နေဆဲ ဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာ၊ အဝတ်အထည် စတာတွေ လိုအပ်နေဆဲလို့ ဆိုပါတယ်။
“လက်ရှိ ရေဘေးသင့်ပြည်သူတွေအတွက်က ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်နေပါသေးတယ်။ လက်ရှိ ရေကျသွားပေမဲ့ စစ်ရှောင်တဲအများစုက နေလို့ မဖြစ်တော့တဲ့အတွက် ပြန်လည်ထူထောင်ရေးအတွက် အများကြီး လိုအပ်နေပါတယ်။ လက်ရှိမှာ လမ်းတွေက ပျက်စီးသွားတာ ဖြစ်တဲ့အတွက် ကိုယ်ထူကိုယ်ထနဲ့ ပြုပြင်ရမှာပါ။ ကိုယ်ထူကိုယ်ထ လုပ်ငန်းစဉ်မှာလည်း အများစုက လုပ်အားပဲ ကူနိုင်ကြတဲ့ အနေအထားပါ။ မြေသယ်ဖို့ ကားငှားရတာတွေ၊ ဆီဖြည့်ရတာတွေ မြေ(ဖို့)ဝယ်ရတာနဲ့ လမ်း၊တံတားတွေ ပြုပြင်ဖို့အတွက်က အခက်ခဲတွေအများကြီး ရှိနေပါတယ်ဗျ” လို့ အညာဒေသ ရေဘေးကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုကတော့ ရေဘေးသင့်လို့ ပြေးစရာမြေမရှိတဲ့ အညာဒေသ ပြည်သူတွေကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ဗုံးကြဲနေပြီး ရေဘေးအန္တရာယ်ကြားကပဲ ဗုံးထိမှန် သေဆုံးရတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။

သဖန်းဆိပ်ဆည် ရေလွှတ်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက် မြို့နယ် ၁၁ ခုက မြို့၊ရွာ ၂၀၀ ကျော် ရေဘေးဒုက္ခသင့်ပြီး ကျွန်းလှမြို့နယ်က ရှစ်ဦး၊ ကန့်ဘလူမြို့နယ်က နှစ်ဦး၊ တန့်ဆည်မြို့နယ်က လေးဦး၊ ရေဦးနဲ့ ခင်ဦးမြို့နယ်က နှစ်ဦး၊ ဒီပဲယင်းမြို့နယ်က ခုနစ်ဦး၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က နှစ်ဦး စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မူးမြစ်ရိုးတလျှောက် ရေကြီးနစ်မြုပ် ပျက်စီးတဲ့ စစ်ရှောင်တဲတွေ/Photo – C.M.O
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



