စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်းမြို့ပေါ် တိုက်ပွဲဖြစ်ပြီး အကျအဆုံးရှိ၊

စစ်အုပ်စုက လက်နက်ကြီး ထု၊ ပြည်သူကို ရန်ပြု ဖမ်းဆီးတာတွေ လုပ်နေ၊

ဒေါ်လာ/MFP၊ ဩဂုတ် – ၁၉

စစ်ကိုင်းမြို့ပေါ်၊ မြို့အနောက်ခြမ်း ငါးထပ်ကြီးဘုရားအနီးမှာ ဩဂုတ် ၁၉ရက် ဒီမနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိအခိုက် အကျအဆုံးရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားထဲ စစ်အုပ်စုက စီးနင်းအထိုင်ချ တပ်စွဲကာ ဂိတ်ဖွင့်ထားပြီ အဲ့ဒီ စစ်အုပ်စု ဂိတ်ကို တော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်သလား၊ ဂိတ်က ထွက်ပြီး ကျေးရွာတွေဘက် စစ်အုပ်စု စီးနင်းချိန် တိုက်ပွဲဖြစ်သလား အတိအကျ မသိရသေးဘဲ တိုက်ပွဲအတွင်း အကျအဆုံးတော့ ရှိတယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (SAGAING-PDF) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ခွေးတွေက ငါးထပ်ကြီးမှာ ထိုင်ထားတာ။ အထိုင်ကို ပစ်သလား၊ ထွက်လာတဲ့ စစ်ကြောင်းကို ဖြတ်တိုက်သလားတော့ မသိရသေးဘူး။ အထိအခိုက်ကတော့ ပကဖ ရဲဘော်တစ်ယောက် ကျတယ်တဲ့။ ခွေးဘက်ကလည်း ထိမှာပေါ့။ မိုင်းလည်း မိတယ်တဲ့ ခွေးတွေ။ အတိအကျတော့ မသိရသေးဘူး။ လောလောဆယ်တော့ တိုက်ပွဲက ပြန်ငြိမ်သွားတယ်။ ခွေးတွေက မဆိုင်တဲ့ ပြည်သူတွေကို ဖမ်းနေတယ်။ ခွေးဘက်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုရင် အနီးအနားက မဆိုင်တဲ့သူ ဖမ်းတယ်။ ပြီးရင် ပြည်သူကို ဓားစာခံလုပ်ပြီး စစ်ကြောင်းထိုးတယ်။ ဒါက သူတို့ လုပ်နေကြပဲ” လို့ SAGAING-PDF တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

ဒီမနက်ပိုင်း စစ်ကိုင်းမြို့ပေါ်နဲ့ မန္တဘေးဘက်ကနေ လက်နက်ကြီးသံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အုန်း အုန်း ဆိုပြီး လေး၊ငါးချက် နားနားပြီး ကြားရတယ်။ အိမ်ပါ တုန်တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားထဲ အထိုင်ချတပ်စွဲကာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုဟာ စစ်ကိုင်းမြို့နဲ့ မြို့အနောက်ဘက်ခြမ်း ကျေးရွာတွေကို ဆက်သွယ်သွားလာရေး ပိတ်ဆို့ဖြတ်တောက်ထားပြီး ဖြတ်သန်း သွားလာသူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာ၊ ရိက္ခာ ပြတ်ပြီး ငတ်လာတိုင်း စစ်ကိုင်းမြို့အနောက်ဘက်က ကျေးရွာတွေကို စီးနင်းလုယက် ဖောက်ထွင်းခိုးယူတာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်းရှိ ဒေါင်းမ၊ ပေါက်လှ၊ ညောင်ကုန်း၊ သလွန်ဖြူ၊ ကြွယ်လူး၊ တဲကြီး စတဲ့ ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ တောတောင်ထဲ စစ်ဘေးရှောင် ခိုလှုံနေကြရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ငါးထပ်ကြီးဘုရား #ပေါ်တာဆွဲဖမ်းဆီး

Related Articles

Back to top button