မကွေးသတင်းအညာမြေ တော်လှန်ရေး

ယောဒေသ တိုက်ပွဲ နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်းရရှိ၊

စစ်မှုထမ်းတွေ အလင်းဝင်ဖို့ တိုက်တွန်းထားပြီး အလင်းဝင်သူတွေကို မိသားစုထံ ပြန်အပ်နှံနေ၊

ဒေါ်လာ/MFP၊ ဩဂုတ် – ၁၉

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဆောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်း စစ်အုပ်စုနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ နေရာတွေကို တော်လှန်ရေး တပ်တွေက နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ဆောမြို့နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုးနေလို့ PDF ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာမှာ MA-1 ငါးလက်၊ MA-2 တစ်လက်၊ MA-3 နှစ်လက်၊ RPG-7 စိန်ပြောင်း တစ်လက်၊ ၆၀ မမ စိန်ပြောင်း တစ်လက်၊ စုစုပေါင်း လက်နက် ၁၀ လက်နဲ့ ကျည်တွေ သိမ်ဆည်း ရရှိတာလို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေး တပ်မတော် မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရဲဘော်များသည် စစ်ကြောင်းထိုးရာ လမ်းတလျှောက် အရပ်သားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မီးရှို့၊ လုယက်၊ သတ်ဖြတ်မည့် အကြ-မ်း-ဖ-က် စစ်တပ်၏ အောက်တန်းကျမှုများ မဖြစ်မြောက်စေရန် ဆောမြို့နယ် အတွင်း ရဲရင့်စွာဖြင့် ကာလရှည် ခုခံတိုက်ခိုက်နေဆဲဖြစ်ပါသည်” လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

အဓမ္မပေါ်တာဆွဲခံခဲ့ရပြီး ဆောမြို့နယ်ထဲ ပို့လွှတ်ခံထားရတဲ့ ပစ (ပြည်သူ့စစ်မှုထမ်း) တပ်သားတွေ အနေနဲ့လည်း မိသားစုနဲ့ ပြန်လည်ဆုံတွေ့လိုပါက အလင်းဝင်ကြဖို့နဲ့ အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ပါက ချေမှုန်းခံရလိမ့်မယ်လို့ သတိပေးကြောင်း PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ချင်းပြည် တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းနဲ့ မကွေးအစပ်ရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်ရရေးအတွက် မေလက စတင်ကာ ယောဒေသထဲ အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ချင်းနဲ့ မကွေးအစပ် ဒေသတွေကို စစ်ကြောင်းထိုးဖို့ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ပေါ်တာဆွဲ စုဆောင်းထားတဲ့ ထောင်ချီတဲ့ စစ်သားသစ်တွေ ပို့လွှတ်ကာ လေကြောင်းပစ်ကူသုံးပြီး ထိုးစစ်ဆင်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ယောဒေသ၊ ဆောမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား သေကာ သုံ့ပန်း ကိုးယောက် ဖမ်းမိသလို ကားသုံးစီး အပါအဝင် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိထားတယ်လို့ PDF စစ်ရုံးချုပ်က ဇူလိုင် ၂၈ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ယောဒေသမှာ ဇူလိုင် ၁၆ရက်ကနေ ၂၅ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုထံကနေ MA-1 သေနတ် လေးလက်၊ MA-3 သေနတ် သုံးလက်၊ ရှော့ဂန်းသေနတ်- နှစ်လက်၊ RPG ပြောင်း- နှစ်လက်၊ GBP-128 မိုင်းရှင်းစက်ပုံး- သုံးပုံး၊  ကား သုံးစီး၊ Drone Jumper- တစ်ခု၊ Drone Controller- တစ်ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- တစ်ပုံး၊ ဆေးပစ္စည်း- နှစ်အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်၊ Starlink-တစ်လုံး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ရက်အထိ ဆောမြို့နယ်ထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း စစ်သုံ့ပန်းတစ်ယောက် ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ PDF ဂန့်ဂေါခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၉ရက်က ဆောမြို့နယ်၊ ဆောမြို့တွင်းကနေ လောင်းရှည်မြို့ဘက် စစ်ကူထွက်လာတဲ့ စစ်အုပ်စုကို PDF ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက ဟန့်တား တိုက်ခိုက်ရာ စစ်အုပ်စု အထိနာကာ ရှေ့မတိုးနိုင်ဘဲ တပ်လန်ကျသွားပြီး စစ်အုပ်စုရဲ့ ခြေမြန် တပ်ရင်း (ခမရ) ၅၇၃ က တပ်သားအဆင့် တစ်ယောက်ကို ဖမ်းမိကာ MA1 သေနတ် တစ်လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ဆိုပါတယ်။

ဇူလိုင် ၃၁ ရက်မှာလည်း တပ်လန်ကျတဲ့ စစ်အုပ်စုက ထပ်မံ အင်အား ဖြည့်ကာ ပြန်လည် ထိုးစစ်ဆင်လို့ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲအတွင်း MA1 သေနတ် တစ်လက်နဲ့ ဖုန်း တစ်လုံး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီ ဆောနယ်တိုက်ပွဲတွေအတွင်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူ ပစ တချို့ စစ်အုပ်စုလက်က ထွက်ပြေးလာပြီး အလင်းဝင်လာတာကြောင့် ကောင်းမွန်စွာ စောင့်ရှောက်ထားကာ မိဘထံ ပြန်လိုသူတွေကို မိသားစုထံ ဆက်သွယ်ချိတ်ဆက်ကာ ပြန်ပို့ပေးနေတယ်လို့ PDF ဂန့်ဂေါ ခရိုင် စစ်ဌာနက ဖော်ပြပါတယ်။

မေလက စတင်ပြီး ချင်းနဲ့ မကွေးအစပ်၊ ယောဒေသထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ချင်းပြည်ဘက်ကို မထိုးဖောက်နိုင်တာကြောင့် ဇူလိုင် လဆန်းပိုင်းကစလို့ ဆောမြို့နယ်၊ ကျောက်ထု – ထီးလင်း ကားလမ်းနဲ့ ဆော – လောင်းရှည် ကားလမ်းပိုင်းတလျှောက် အင်အားရာချီနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အပြင် အရပ်သားနေထိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် ကားလမ်းတလျှောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးနဲ့ ချင်းပြည်အစပ် ယောဒေသ တိုက်ပွဲတွေအတွင်း သိမ်းဆည်း ရမိတဲ့ လက်နက်ခဲယမ်းတွေ/Photo – PDF စစ်ရုံးချုပ်၊ ဂန့်ဂေါခရိုင် စစ်ဌာန

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယော #ဆောနယ်စစ်ဘေးရှောင်

Related Articles

Back to top button