စစ်ကိုင်းသတင်း

ချင်းတွင်းအထက်ပိုင်းက စုန်ဆင်းလာတဲ့ စစ်အုပ်စုရေယာဉ်တွေကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းတိုက်ခိုက်ရာ စက်လှေနှစ်စီးထိခိုက်ပျက်စီးဟုဆို

ရွှေဥ/MFP၊ သြဂုတ်-၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုသင်္ဘောနဲ့ စက်လှေ အစီးရေ (၂၇) စီးကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု စက်လှေနှစ်စီး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

သြဂုတ် (၁၈) ရက်နေ့မှာ ချင်းတွင်းမြစ်ရိုးအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ကျောက်နဲ့ သစ်တင် ဖလပ်သင်္ဘော ငါးစီး၊ တိုက်ခိုက်ရေးရေယာဉ် နှစ်စီး၊ စစ်သင်္ဘော သုံးစီး၊ ဝန်ထမ်းတင်ထားတဲ့ ရေယာဉ် နှစ်စီး အပါအဝင် ရေယာဉ်အစီးရေ ၂၇ စီးကို ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းက ရွှေစာရေးဝဲ သောင်တင်နေရာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်လှေနှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကနီမြို့နယ်ပ.က.ဖ သိန်းငှက်တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ပွိုင့်နေရာရောက်တော့ RPG ပစ်ခတ်တိုက်ခိုက်တော့ မော်တော်စက်ခေါင်းထိမှန်ပြီးတော့ မီးလောင်သွားတာ ရှိတယ်။ ပြီးတော့ ကျနော်တို့နေရာ ကျော်တဲ့အခါကျတော့ အောက်ဘက်မှာ တခြားမဟာမိတ်တွေ ပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်တာတော့ ရှိပါတယ်။ ထိခိုက်မှုတော့ အတိအကျ မသိနိုင်ဘူး၊ ထိခိုက်တာကတော့ နှစ်စီး၊ သုံးစီးတော့ ရှိပါတယ်။ ကျနော်တို့ကော မဟာမိတ်ကော တောက်လျှောက် ပစ်တာဆိုတော့”

ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာတော့ စစ်အုပ်စုတပ်တွေက မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်ကနေ စက်တပ်လေထီး၊ အသေခံဒရုန်းတွေနဲ့ ကူညီပစ်ခတ်တာတွေရှိပြီးတော့ မီးလောင်တဲ့ စက်လှေတွေနဲ့ ဒဏ်ရာရသူတွေကို တခြားစက်လှေတွေ ရွှေ့ပြောင်းကာ မုံရွာဆိပ်ကမ်းကို စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ သင်္ဘောနဲ့ စက်လှေတွေဟာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်ကာ ချင်းတွင်းမြစ်ရိုးက ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ခန္တီ၊ ကလေးဝ ဆိပ်ကမ်းမှာ လူ၊ လက်နက်တွေ ချပေးကာ ပေါ်တာဆွဲ စစ်သားစုဆောင်းခံရသူတွေနဲ့ Non-CDM ဝန်ထမ်းတွေ၊ အကျဉ်းသားတွေ၊ ကျောက်မီးသွေးနဲ့ ကျောက်စိမ်းတွေ သယ်ဆောင်ကာ တစ်လကျော်အကြာမှာ ပြန်လည်စုန်ဆင်းလာတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ သိန်းငှက်တပ်ဖွဲ့ Kani (ကနီမြို့နယ် ပ.က.ဖ)၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့၊ ညောင်ဦးခရိုင် ရင်း ၃၊ ဘုတလင်မြို့နယ် တိုက်နယ် ၆၊ ၇ တပ်တွေက ပူးပေါင်း စစ်ဆင်ရေး ဆင်နွှဲခဲ့တာဖြစ်ပြီး ပထမအကြိမ် ဆန်တက်ချိန်မှာ စက်လှေသုံးစီးနဲ့ အခုစုန်ဆင်းလာချိန်မှာ ဒုတိယအကြိမ် နှစ်စီး စုစုပေါင်း ငါးစီး တိုက်ခိုက်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုစုန်ဆင်းလာတဲ့ စစ်အုပ်စုတပ်တွေက ချင်းတွင်းမြစ်အနောက်ဘက်မှာရှိတဲ့ ဆားလင်းကြီးမြို့နယ် အတွင်းကို မနေ့က သြဂုတ်၁၉ အထိ ရေယာဉ်တွေပေါ်ကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေခဲ့တယ်လို့ ဆားလင်းကြီးနယ်ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒီမနက်(သြဂုတ်၁၉)နှစ်ချက်ပစ်တယ်။ရွာထဲတော့မကျဘူးတော်သေးတယ်၊ သူတို့(စစ်အုပ်စု)မြစ်ဆိပ်မှာတချို့ရှိနေသေးတယ်။ ဆက်စုန်လာဖို့ရှိသေးတယ်ကြားတယ်။ မြစ်ဆိပ်မှာလည်း တချို့ရှိနေသေးတယ်။ ”လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့တုန်းကလည်း ကနီနဲ့ မင်းကင်းအစပ်ကိုရောက်ရှိလာတဲ့ စစ်အုပ်စုနဲ့ လက်နက်ခဲယမ်း၊ရိက္ခာတွေ တင်ဆောင်လာတဲ့ ဖလက်သံခွန်သင်္ဘော ၂၄ စီးနဲ့ တိုက်ခိုက်ရေးစစ်‌သင်္ဘော ၄စီး စုစုပေါင်း ၂၈စီးကိုချင်းတွင်း နွေဦးတော်လှန်ရေးအင်အားစု(csraf)နဲ့ ကနီတိုက်နယ်၆အတွင်းက မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်အုပ်စုတပ်တွေဟာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ကနီမြို့နယ်ကို အင်အား (၁၀၀၀)ခန့်နဲ့ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေပြီးတော့ ယာကြီးလမ်းကို တစ်ကြောင်း၊ သမင်ခြံကျေးရွာဘက်ကို စစ်ကြောင်းတစ်ကြောင်း ထိုးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သြဂုတ်လ (၁၈)ရက်နေ့လည်း ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာကို ဂျက်ဖိုက်တာနှစ်စီးဗုံးကြဲပစ်ခတ်ခဲ့သလို၊ တရုတ်ကြေးနီစက်ရုံ (ဝမ်ပေါင်)ကနေလည်း လက်နက်ကြီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရေခါးကျေးရွာက အမျိုးသမီးနှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး နေအိမ်ခြောက်လုံးအပါအဝင် ဘုန်းကြီးကျောင်းတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေကြောင်း၊ ကုန်းကြောင်းတွေနဲ့ပါ စစ်ကြောင်းထိုးပစ်ခတ်တာတွေ လုပ်နေတာကြောင့် အိုင်တောင်၊ ရွှေစာရေး၊ တရော်ကျင်း၊ ချောင်းမ၊ ဇီးပင်တွင်း၊ အောင်မင်္ဂလာ၊ သင်းဝံ၊ တွင်းမ၊ သမင်ခြံ၊ မုဒ်ထော၊ အင်းမှော်၊ ၂၄ မိုင်ရွာ၊ ၂၈ မိုင်ရွာ၊ ကသတ်၊ လာပို့၊ အင်ကြင်းပင်၊ ထန်းတပင် စတဲ့ ကျေးရွာက ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်တွေကို မိုးတွင်းကာလ ရေစီးရေလာကောင်းချိန်မှာ ရေလမ်းကြောင်းကနေ လူ၊ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာတွေကို ချင်းတွင်းမြစ်ကြောင်းကနေ ပို့ဆောင်နေတာဖြစ်ပြီး ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတွေနဲ့ မြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာတွေလည်း ဆက်တိုက်ကျူးလွန်နေခဲ့တာပါ။

ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ရက်နေ့ကလည်း ချင်းတွင်းမြစ်တလျှောက်ဆန်တာလာတဲ့ စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်လို့ သရောင်းကျေးရွာက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၅လုံးထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဒီလိုအစုန်အဆန် ပြုလုပ်နေတဲ့ စစ်အုပ်စုရေယာဉ်တွေကို တော်လှန်ရေးအင်အားစုတွေက မော်လိုက်၊ဖောင်းပြင်၊ မင်းကင်း၊ ကနီမြို့နယ်တွေမှာ ကြားဖြတ်တိုက်ခိုက်တာတွေလုပ်နေပြီး နှစ်လကျော်အတွင်း စစ်ရေယာဉ် ခုနှစ်စီးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သြဂုတ်၁၈ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေက ကနီမြို့နယ်အတွင်း စစ်အုပ်စုရေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်စဉ်/ ဓာတ်ပုံ-တော်လှန်ရေးအင်အားစု

Related Articles

Back to top button