
MN/MFP ၊ ဩဂုတ် – ၂၀
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဩဂုတ် ၁၉ ရက် ညပိုင်းက စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့လို့ မြောင် ပညာရေးကွန်ရက် – MEN က စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး ဒေသခံ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြောင်-ပရိမ္မ ကားလမ်းဘေးရှိ လှေတင်ဦးကျေးရွာကို တိုက်ပွဲဖြစ်စဉ်မရှိဘဲ မနေ့က ည ၇ နာရီဝန်းကျင်မှာ တံတားဦးလေဆိပ်က တက်လာတဲ့ စစ်အုပ်စု တိုက်လေယာဉ်သုံးစင်းနဲ့ သုံးကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ရွာထဲကို ဗုံးသီးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင် ကိုနွေဦးက MFP ကို ပြောပါတယ်။






“ပထမတစ်လုံးက မြောင်-ပရိမ္မ ကားလမ်းဘေးနဲ့ နောက်တစ်လုံးက စာသင်ကျောင်းဘေး ကျတယ်။ နောက်တစ်လုံးကတော့ တခြားတနေရာမှာ ကျတာ။ ကားလမ်းဘေးမှာကျတာကတော့ ကားလမ်းဘေးမှာက ဈေးဆိုင်တွေဖွင့်ထားတာ။ သေဆုံးသူ အမျိုးသမီးကတော့ ကားလမ်းရဲ့ ညာဘက်ခြမ်းမှာ အထည်ဆိုင်လေးနဲ့ အသုပ်ဆိုင်လေးဖွင့်ထားတာ နောက်တစ်ဦးဖြစ်တဲ့ ယောကျ်ားလေးကတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ဖုန်းဆိုင်ဖွင့်ထားတာ။ နှစ်ဦးစလုံး သေဆုံးတာပေါ့နော်။ ဗုံးက ကားလမ်းပေါ်မှာကျတာ ဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ တော်တော်လေး များတယ်” လို့ သူကဆိုပါတယ်။
စစ်အုပ်စု လေကြောင်းက ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ ဒေသခံ နှစ်ဦးထဲက အမျိုးသမီးဖြစ်သူဟာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးမှာတောက်လျှောက် ပါဝင်နေသူဖြစ်သလို လက်ရှိ မြောင်မြို့နယ်ထဲမှာ CDSOM တော်လှန်ရေးတပ်ဖွဲ့က ဦးဆောင်ဖွင့်လှစ်ထားတဲ့ မြောင်ပညာရေးကွန်ရက် – MEN မှာလည်း စေတနာ့ဝန်ထမ်း ကျောင်းဆရာမအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ ကိုနွေဦးက ဆက်ပြောပါတယ်။
“ဗုံးထိလို့မို့ ကျသွားတဲ့ မိန်းကလေးက တော်လှန်ရေးအစကတည်းက သူ့ရွာမှာ ထဲထဲဝင်ဝင်နဲ့ ဦးဆောင်ပြီးတော့ လုပ်နေတာ။ မြောင်ပညာရေးကွန်ရက်မှာစတဲ့အခါလည်း သူတို့ လှေတင်ဦးရွာမှာ ကျောင်းဖွင့်နိုင်ဖို့ဆိုပြီးတော့ သူကပဲ ဦးဆောင်ပြီးတော့ ကျောင်းတွေ ဖွင့်ခဲ့တာ။ အခုချိန်ထိလည်း သူ့ရွာမှာ volunteer (စေတနာ့ဝန်ထမ်း) ဆရာမအနေနဲ့ ဦးဆောင်ပြီးတော့ စာသင်ပေးနေတာ။ အဲဒီလို ပညာရေးကိစ္စတွေ လုပ်ဆောင်ပေးနေတာဆိုတော့ သူ့ရွာမှာ အမျိုးသမီး ဦးဆောင်သူတစ်ယောက်အနေနဲ့က သူပဲရှိတာ။ အဲဒီတော့ ဆုံးရှုံးမှုက ကြီးတာပေါ့”လို့ သူက ဆိုပါတယ်။
စစ်အုပ်စုဗုံးကြဲလို့ သေဆုံးခဲ့တဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မသဲနုဝင်းဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုကို ခုခံတော်လှန်ရာမှာလည်း ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ခဲ့သလို လက်ရှိအချိန်ထိလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ -CDSOM ရဲ့ အဖွဲ့ဝင် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ ကိုနွေဦးက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့တဲ့အပြင် ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ခါးဆစ်ရိုးကျိုးတဲ့သူတွေနဲ့ နံရိုးကျိုးသွားတဲ့သူတွေလည်း ပါဝင်ကာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
မြောင်မြို့နယ်မှာ စစ်အုပ်စုက မြေပြင်တိုက်ပွဲဖြစ်စဉ်မရှိဘဲ ကျေးရွာတွေကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲသတ်ဖြတ်နေတာဖြစ်သလို ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လအတွင်းက နဘက်ကျေးရွာကို လေကြောင်း ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်(ကျား) အပါဝင် ဒေသခံလေးဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၂၃ ရက်မှာလည်း နဘက်ကျေးရွာအနီးက သောင်ကြီးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို နေအိမ်အလုံး ၃၀ မီးလောင်ပြာကျခဲ့ပါသေးတယ်။
စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာ စတဲ့ လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေသလို မြေပြင်ကနေပါ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၉ ရက် ညပိုင်းက မြောင်နယ်ကို စစ်အုပ်စု ဗုံးကြဲခဲ့လို့ သေဆုံးသွားတဲ့ မြောင်ပညာရေးကွန်ရက်က စေတနာ့ဝန်ထမ်း ကျောင်းဆရာမနဲ့ ဗုံးကြဲသွားတဲ့နေရာ / ဓာတ်ပုံ-ကိုနွေဦး-မြောင်



