
Phoenix/MFP ၊ သြဂုတ် – ၂၁
မန္တလေးမြို့မှာ မနေ့က ညဦးပိုင်း မိုးသည်းထန် ရွာသွန်းခဲ့တာကြောင့် မြို့အနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီး မြို့အနိမ့်ပိုင်း ရပ်ကွက်တချို့နဲ့ လမ်းမတွေပေါ် ဒီမနက်ပိုင်းအထိ ရေပြန်မကျသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၂၀ရက် ညနေ ၆နာရီကျော်ကနေ ၈နာရီကျော်အထိ အချိန် နှစ်နာရီကျော်ကြာ မိုးအသည်းအထန် ရွာသွန်းတာလို့ ဆိုပါတယ်။
“မိုးက ၆ နာရီ ကနေ ၉နာရီလောက်အထိ သည်းကြီးမဲကြီး ရွာတာ၊ လမ်းတွေရေလျှံတာ၊ ဈေးချို ရွှေတချောင်း မြောင်းလည်း ရေလျှံပြီး လမ်းပေါ်တွေမှာလည်း ရေအပြည့်ပဲ” လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ရေကြီးရေလျှံတဲ့ နေရာအများစု ရေပြန်ကျပေမယ့် မြို့အနိမ့်ပိုင်း ရပ်ကွက်နဲ့ လမ်းမတချို့ ရေပြန်မကျဘဲ သွားလာရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အခုလို မိုးအနည်းငယ် ရွာရုံနဲ့ မြို့အနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ရတာဟာ စစ်အုပ်စု စည်ပင်က မြို့တွင်း ရေနုတ်မြောင်းတွေကို စနစ်တကျ ဆယ်ယူရှင်းလင်းတာမျိုး မလုပ်တာကြောင့်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့က ညဦးပိုင်း မိုးရွာပြီးစ အချိန်မှာတော့ မန္တလေးဈေးချိုတော် အနီးတဝိုက် အပါအဝင် ရွှေတချောင်းမြောင်း တောက်လျှောက်နဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွင်းရှိ မြေအနိမ့်ပိုင်း ရပ်ကွက်တွေ ရေကြီးရေလျှံခဲ့တာ ဖြစ်ပါတယ်။
စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးထားတဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဟာ အာဏာသိမ်းပြီးနောက် ရေမြောင်းဆယ်တာ၊ အမှိုက်သိမ်းတာ စတဲ့ စည်ပင်အလုပ်တွေကို စနစ်တကျ မလုပ်ဘဲ စစ်အုပ်စုအတွက် ငွေရှာပေးနိုင်တဲ့ အလုပ်တွေကိုသာ ဦးစားပေး လုပ်နေကြတယ်လို့ မြို့ခံတွေက ဝေဖန်ပါတယ်။



မန္တလေးမြို့မှာ မိုးသည်းထန်ရွာပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်နဲ့ ရေပြန်မကျသေးတဲ့ လမ်းတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မိုးရွာရေကြီး #ရေကြီးရေလျှံ



