
နန်းယု/MFP၊ ဩဂုတ် – ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေရာသုံးခုကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တစ်ပါးအပါအဝင် နှစ်ဦးသေဆုံးပြီး၊လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီကျော်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ကန့်ဘလူမြို့နယ်တောင်ပိုင်းက နေရာသုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရင်ခပ်ကုန်းကျေးရွာက စတားလင့်ခ် အသုံးပြုနေတဲ့နေရာနဲ့ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။



အဲဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်တွေ ခိုလှုံနေတဲ့ ရှောက်ကန်ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါးနဲ့ သပြေသာကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ကျောင်းသားတစ်ဦး အပါအဝင် လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
“မနေ့က ညနေ ၅ နာရီကျော်မှာ နေရာ ၃ ခုကို လေကြောင်းတိုက်ခိုက်သွားတာပါ။ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူတစ်ဦး နေရာတင် သေဆုံးပြီး ကျောင်းသားတစ်ဦးအပါအဝင် ၄ ဦး ပြင်းထန်ဒဏ်ရာရပါတယ်။ အနည်းအကျဉ်း ဒဏ်ရာရသူတွေလည်း များပါတယ်” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
အဲဒီနေရာတွေမှာ တော်လှန်ရေးတပ်တွေနဲ့ မြေပြင်တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ စစ်အုပ်စုက ပြည်သူတွေနေထိုင်တဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ကြဲချတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်းအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀၀ ကျော်လည်း ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်နေချိန်မှာ ဝက်တိုးကျေးရွာအခြေစိုက် စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ထပ်မံချတိုက်ခိုက်ခဲ့ပေမယ့် အချိန်မီရှောင်တိမ်းနိုင်ခဲ့တာကြောင့် ထပ်မံထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း အခုရက်ပိုင်း လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုများပြားလာတာကြောင့် ကင်းထောက်ဒရုန်းတွေ တွေ့ရှိရတဲ့ တန့်ဆည်နဲ့ ရေဦး–တန့်ဆည် အစပ်တဝိုက်က ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို နေ့ညမရွေး အထူးသတိထားနေထိုင်ကြဖို့ ဒေသခံအဖွဲ့တွေက သတိပေးထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ကန့်ဘလူနယ်အပါအဝင် နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အာဏာသိမ်းငါးနှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ကာ ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးခဲ့သလို စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၂၀ရက်က ကန့်ဘလူမြို့နယ်တောင်ပိုင်းက စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေရာသုံးခုကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်သွားစဉ်/ဓာတ်ပုံ- ကန့်ဘလူ ပ.အ.ဖ



