စစ်ကိုင်းမန္တလေးသတင်း

ဧရာဝတီမြစ်ရိုး စစ်အုပ်စု ဗုံးပတ်ကြဲလို့ ဝက်လက်မှာ ပြည်သူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ၊

စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေ ဆန်တက်ချိန် ရန်ပြုသောင်းကြမ်းနေတာ ဖြစ်၊

နန်းယု/MFP၊ ဩဂုတ် – ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မြို့၊ရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးပတ်ကြဲသတ်ဖြတ်လို့ ဒေသခံ ပြည်သူ တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရပြီး မြစ်ကမ်းအနီးနေ ပြည်သူတွေ ထွက်ပြေး နေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၂၂ ရက် မနက်ပိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးရှိ ကမ်းဖြူကျေးရွာကို စစ်အုပ်စုက မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ Y-12 လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲရာ ပြည်သူတွေ ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၁ ရက်မှာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကနေ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ မြစ်ကြောင်းအတိုင်း ဆန်တက်ချိန် မြစ်ရိုးတလျှောက် ရန်ပြုဗုံးကြဲနေတာလို့ ဆိုပါတယ်။

“သူတို့ (ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေ) စတက်လာတာနဲ့ တပြိုင်နက် တံတားဦး တပ်ကနေ Y-12 တစ်စီးနဲ့ ကင်းထောက်လေယာဉ်တွေ ပတ်ဝင်တယ်။ အဲဒီမှာ Y-12 က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို နှစ်ကြိမ် ဗုံးကြဲတယ်။ ပြည်သူ အမျိုးသားတစ်ဦး ခေါင်း ပြတ်ပြီး သေဆုံးတယ်။ ပြည်သူနှစ်ဦးလည်း ဒဏ်ရာရတယ်” လို့ ဝက်လက်ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်သင်္ဘော နှစ်စီး အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေ ဖြစ်တဲ့ ကမ်းထိုးသင်္ဘော လေးစီးနဲ့ တွဲတွန်းသင်္ဘော ရှစ်စီး၊ စုစုပေါင်း ရေယာဉ် ၁၄ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတာဖြစ်ပြီး ကချင်ပြည် ဗန်မော်အထိ ဆန်တက်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

အဲ့ဒီ စစ်အုပ်စု ရေယာဉ်တွေဟာ မနေ့ညက ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားကျေးရွာအနီးမှာ ကျောက်ချ ညအိပ်ခဲ့ပြီးန နေ့ခင်းအချိန် ဆက်လက် ဆန်တက်ကာ ဒီနေ့ ညနေပိုင်း ရွှေဘိုမြို့နယ် အရှေ့ခြမ်း ကျောက်မြောင်းတံတားအနီးကို ကမ်းကပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြစ်ရေတက်ချိန်တိုင်း မြစ်ကြောင်းသုံးကာ ကချင်ပြည်ဘက်ကို လက်နက်ခဲယမ်းနဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ ပို့ဆောင်လေ့ရှိပြီး အပြန်ခရီးမှာ တစ်နှစ်တာလုံး ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေ ပြန်လည် သယ်ယူလာတာ ဖြစ်ပါတယ်။

မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ/Photo – ဒေသခဲ၊ ဝက်လက် ပကဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #စစ်ကိုင်း #မန္တလေး #မတ္တရာ #ဝက်လက်ဧရာဝတီမြစ်ရိုး

Related Articles

Back to top button