မန္တလေးသတင်း

​မန္တလေး တောင်ပြုံးပွဲ စစ်အုပ်စုက ငွေညှစ်နေပေမဲ့ လူစည်ကားပြီး ကားလမ်းတွေပါ ပိတ်ဆို့နေ၊

Phoenix/MFP ၊ သြဂုတ် – ၂၁

​မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးရွာမှာ ကျင်းပနေတဲ့ တောင်ပြုံးပွဲမှာ အာဏာသိမ်း စစ်အုပ်စုက ပွဲဝင်ကြေးနဲ့ ယာဉ်ရပ်နားခတွေ အဆမတန် ကောက်ယူငွေညှစ်နေပေမဲ့ လာရောက်လည်ပတ်သူတွေ စည်ကား များပြားတာကြောင့် ကားလမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့မြောက်ဘက်၊ တောင်ပြုံးရွာ ဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဆွမ်းလောင်းပွဲနဲ့ တောင်ပြုံးမင်ညီနောင် နတ်ပွဲကို နှစ်စဉ် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၈ ရက်ကနေ ၁၅ ရက်အထိ၊ ယခုနှစ် ဩဂုတ် ၂၁ရက်ကနေ ၂၈ရက်အထိ ကျင်းပဖြစ်ပါတယ်။

“အရင်ပွဲ မဖြစ်တဲ့ကာလထပ်စာရင် အခုနှစ်က အစည်ဆုံးလို့ ပြောရမှာပဲ။ ကိုဗစ်နဲ့ နိုင်ငံရေးကြောင့် ဖြစ်တဲ့ ပွဲတွေထက်စာရင် နည်းနည်းစည်တယ်။ အရင်နှစ်တွေနဲ့စာရင်တော့ စည်သလိုလိုလေး ရှိတယ်။ ခါတိုင်းဆို ဧည့်သည်တွေက ကြောက်လို့ မလာကြဘူးလေ၊ ဒီနှစ်တော့ ပုံမှန်လေးတွေ လာနေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ပြုံးပွဲကို လာရောက်လည်ပတ်သူတွေ များလို့ ပွဲစခင် ဩဂုတ် ၂၀ရက်ကတည်းက ကားတွေ များလို့ လမ်းပိတ်ဆို့ကာ မန္တလေး – မတ္တရာ – မိုးကုတ် ခရီးသွားကားတွေ အချိန်အကြာကြီး စောင့်ဆိုင်းကြရတယ်လို့ ဆိုပါတယ်။

တောင်ပြုံးပွဲ ကျင်းပရာ တောင်ပြုံးကြီးရွာဟာ စစ်အုပ်စုက လက်သပ်မွေး၊ လက်နက်ထုတ်ပေးထားတဲ့ ပျူစောထီးတွေ ကြီးစိုးရာ ကျေးရွာ ဖြစ်ပြီး အဲ့ဒီ ပျူတွေက တောင်ပြုံးပွဲဝင်ကြေးအဖြစ် ပွဲတော်အဝင်မှာ ဂိတ်ဖွင့်ကာ ငွေညှစ်နေတယ်လို့ ဆိုပါတယ်။

“ဝင်ကြေး ၈၀၀၀ ပေးရတယ်၊ ယာဉ်ရပ်နားခ ၁၀၀၀၀၊ ပွဲတော်အဝင်မှာ ဂိတ်ဖွင့်ပြီး ငွေကောက်နေတာ” လို့ တောင်ပြုံးပွဲကို ကားနဲ့သွားခဲ့သူတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက တောင်ပြုံးပွဲ လူစည်ကားစေဖို့အတွက် ဇာတ်ပွဲနဲ့ လောင်းကစားဝိုင်းတွေပါ ထည့်ခိုင်းလို့ အာဏာသိမ်းကာလ ငါးနှစ်အတွင်း ပထမဆုံးအဖြစ် တောင်ပြုံးပွဲမှာ ဇာတ်ပွဲပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီ နိုင်ငံရေး မကောင်းတာနဲ့ ကိုဗစ်ပြီးတော့ ဒီ ဇာတ်တွေဘာတွေတော့ မပါဘူးပေါ့၊ ပွဲတွေ ဘာတွေ မပါဘူး ခါတိုင်းနှစ်တွေဆို။ ပွဲတော်ဆိုပြီး ဒီလို သွားသွားလာလာလေးနဲ့ ပြီးသွားကြတာ။ ခုဟာက သူတို့ ဒီနှစ် ပွဲတွေဘာတွေ ပါတယ်ဆိုတော့ စမ်းရေမိုးဇာတ်လည်း ပါတယ်ဆိုတော့၊ ခါတိုင်းဆို ဘာဇာတ်မှ ဘာပွဲမှ မပါဘူးလေ၊ ဆိုင်ခန်းတွေလည်း သိပ်မဖွင့်ရဲကြဘူးဆိုတော့” လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်၊ ဇွန်လဆန်းက ကျင်းပခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားပွဲမှာတော့ စစ်အုပ်စုက ဘုရားပွဲစည်ကားအောင် စမ်းရေမိုး ဇာတ်အဖွဲ့ကို ကပြခိုင်းပြီးနောက် ပခုက္ကူမြို့ပေါ်က လူတွေ ပျော်ပါးနေချိန် မြို့နဲ့ မိုင်အနည်းငယ် အကွာရှိ မြစ်ခြေမြို့ကို စီးနင်းကာ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ၄၀ ဝန်းကျင်ကို ဖမ်းဆီး၊ ညှဉ်းပန်း သတ်ဖြတ်ပြီး အိမ်ခြေ ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

တောင်ပြုံးပွဲ ဦးဆောင်လုပ်တဲ့ စစ်အုပ်စုနဲ့ လာရောက်လည်ပတ်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #စစ်ကိုင်း #မန္တလေး #မတ္တရာတောင်ပြုံးပွဲ

Related Articles

Back to top button