
ဒေါ်လာ/MFP၊ ဩဂုတ် – ၂၄
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ထဲ ဝင်ရောက်လာပြီး အထက်ကို ဆက်လက် ဆန်တက်နေတယ်လို့ သတင်းရရှိပါတယ်။
ဩဂုတ် ၂၄ရက် ဒီကနေ့ မွန်းလွဲ ၃နာရီဝန်းကျင်မှာ စစ်အုပ်စု ရေယာဉ်တွေ သပိတ်ကျင်းနယ်၊ တကောင်းမြို့ရဲ့ အထက်၊ ထီးချိုင့်နယ် ဘိုကုန်းရွာအနီး ရောက်ရှိလာပြီး အထက်ကို ဆက်လက် ဆန်တက်နေတယ်လို့ မြစ်ကြောင်းတလျှောက် စစ်အုပ်စုရဲ့ စစ်ရှေးလှုပ်ရှားမှုတွေကို ကင်းထောက် ဖော်ပြနေတဲ့ ရေပြင် ကင်းထောက်အဖွဲ့က ဆိုပါတယ်။
ထီးချိုင့်နယ် ဘိုကုန်းရွာအထိ စစ်ရေယာဉ်တွေ ရောက်လာပြီး အထက်ဘက်ကို ဆက်လက် ဆန်တက်နေတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။
ဩဂုတ် ၂၁ ရက်မှာ မန္တလေးမြို့ကတဆင့် စစ်သင်္ဘော နှစ်စီး အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေ ဖြစ်တဲ့ ကမ်းထိုးသင်္ဘော လေးစီးနဲ့ တွဲတွန်းသင်္ဘော ရှစ်စီး၊ စုစုပေါင်း ရေယာဉ် ၁၄ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတာဖြစ်ပြီး ကချင်ပြည် ဗန်မော်အထိ ဆန်တက်ဖွယ်ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ခန့်မှန်းပါတယ်။

ဩဂုတ် ၂၃ရက် မနေ့က အဲ့ဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ သပိတ်ကျင်း နယ်ထဲ ဖြတ်သန်းချိန် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာ ရေယာဉ်တချို့ ထိခိုက် ပျက်စီးတယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုကလည်း ရောဉ်တွေအပေါ် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ကင်းထောက် ပျံဝဲကာ လုံခြုံရေးယူ လိုက်ပါနေပြီး မြစ်ကြောင်းတလျှောက် မြို့၊ရွာတွေကို ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေ့ ပြောပါတယ်။
ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးရှိ ကမ်းဖြူကျေးရွာကို စစ်အုပ်စုက Y-12 လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲရာ ဒေသခံ ပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
“သူတို့ (ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ရေယာဉ်တွေ) စတက်လာတာနဲ့ တပြိုင်နက် တံတားဦး တပ်ကနေ Y-12 တစ်စီးနဲ့ ကင်းထောက်လေယာဉ်တွေ ပတ်ဝင်တယ်။ အဲဒီမှာ Y-12 က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို နှစ်ကြိမ် ဗုံးကြဲတယ်။ ပြည်သူ အမျိုးသားတစ်ဦး ခေါင်း ပြတ်ပြီး သေဆုံးတယ်။ ပြည်သူနှစ်ဦးလည်း ဒဏ်ရာရတယ်” လို့ ဝက်လက်ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မြစ်ရေတက်ချိန်တိုင်း မြစ်ကြောင်းသုံးကာ ကချင်ပြည်ဘက်ကို လက်နက်ခဲယမ်းနဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ ပို့ဆောင်လေ့ရှိပြီး အပြန်ခရီးမှာ တစ်နှစ်တာလုံး ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေ ပြန်လည် သယ်ယူလာတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်စဉ်/Photo – ဒေသခံ၊ ဝက်လက် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



