
ယင်းမာပင် – ကနီ ကားလမ်းရှိ ကျေးရွာတွေကို စီးနင်းကာ မီးရှို့၊ ဖောက်ထွင်း ခိုးယူနေ၊
သုထက်/MFP၊ သြဂုတ် – ၂၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက် ခိုးယူနေပြီး စုန်းချောင်းရွာက အမျိုးသား ၁၅ ဦးကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သြဂုတ် ၂၅ရက် မနက် ၈နာရီခွဲအချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ ပွိုင့်ဖိုက် စက်သေနတ်တပ်ဆင်ထားတဲ့ ကားနှစ်စီး အပါအဝင် စစ်အုပ်စု အင်အား ၃၀၀ လောက်စာ ချင်းတွင်းတံတားကို ဖြတ်ပြီးနောက် အောင်ဇေယျမြို့သစ် (ခေါ်) အကျိုးကန်းကုန်းကတဆင့် စုန်းချောင်းရွာကို ရုတ်တရက် စီးနင်းလုယက်တာလို့ ဆိုပါတယ်။
“စစ်ကြောင်းက ရုတ်တရက်ဆိုတော့ ရှောင်ရင်း ပက်ပင်းတိုးမိသွားတာ၊ အမျိုးသမီးနဲ့ သံဃာ နှစ်ပါး ပြန်လွှတ် ထားခဲ့တယ်၊ အမျိုးသားတွေကိုတော့ ခေါ်သွားတယ်” လို့ စုန်းချောင်းရွာကို စစ်အုပ်စု ရုတ်တရက် စီးနင်းကာ ရွာခံအမျိုးသား ၁၅ ဦးခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ စုန်းချောင်းရွာထဲရှိ နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူသယ်ထုတ်သွးပြီး မနေ့က နေ့လည် ၁ နာရီဝန်းကျင်မှာ ယင်းမာပင်နယ် သံဘိုရွာ၊ ပန်းတိမ်ပြင်ရွာနဲ့ ကျောက်မှော်ရွာတွေကို ဆက်လက် စီးနင်းလုယက် နေတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက ကြာမယ့်သဘော၊ ပွိုင့်ဖိုက်ကား နှစ်စီးပါ ပါတယ်၊ ကနီဖက်မှာလည်း စစ်ကြောင်းက ထိုးနေတယ်၊ အဲ့ဒီကို သွားပေါင်းမလား စောင့်ကြည့်နေရတယ်”လို့ အထက်ပါ အမျိုးသားက ထပ်မံ ပြောဆိုပါတယ်။

ကျောက်မှော်ရွာကို စီးနင်းလုယက်နေတဲ့ စစ်အုပ်စုဟာ မနေ့က ကျောက်မှော်ရွာထဲ အိမ်မီးရှို့တာလည်း ရှိပြီး ဒီကနေ့ ဩဂုတ် ၂၆ရက်မှာတော့ ကျောက်ကုန်းရွာကို ဆက်လက် စီးနင်း လုယက်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့နယ်အတွင်းရှိ နဘူးတော၊ စုန်းချောင်း၊ ပန်းတိမ်ပြင်၊ စည်သူ၊ သံဘို၊ ကျောက်မှော်၊ ကျွန်းပေါ်၊ ကြက်လျာ စတဲ့ ကျေးရွာတွေက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ကျောက်မှော်နဲ့ ပန်းတိမ်ပြင်ရွာတွေထဲ အထိုင်ချ တပ်စွဲ ညအိပ်ကာ ခိုးရာပါ ပစ္စည်းနဲ့ ပြည်သူပိုင် ဆန်၊ ဆီ၊ အိမ်မွေးတိရစ္ဆာန်တွေကို လုယက် စားသောက်နေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဩဂုတ် ဒုတိယပတ်ကစလို့ ယင်းမာပင်ခရိုင် ကနီနယ်ထဲကိုလည်း စစ်အုပ်စု စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက်၊ မီးရှို့နေသလို တွေ့သမျှပြည်သူကို ရန်ပြုလို့ ကနီနယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ယင်းမာပင်နဲ့ကနီနယ်အစပ် ချောင်းမရွာနဲ့ ကနီနယ် မုဌော၊ ငါးဖျက်၊ ပန်းဆိုင်းရွာတွေမှာ အထိုင်ချတပ်စွဲကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းခိုးယူ လုယက်လို့ ရသမျှ ပစ္စည်းတွေကို ချောင်းမရွာထဲ ဆုံရပ်အဖြစ် ပြုလုပ်ကာ နမခ ကို ပြန်ပို့နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်နယ် စုန်းချောင်းရွာကို စစ်အုပ်စု စီးနင်း ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #မုံရွာနမခ #ယင်းမာပင်စုန်းချောင်းရွာ



