မုံရွာ – ယာကြီး – ကလေးဝလမ်းပေါ် ပြန်ခြေချနိုင်တဲ့ စစ်အုပ်စု လမ်းဖွင့်ပွဲ လုပ်ဖို့ ပြင်နေ၊

ကားလမ်းစောင့်ရတဲ့ စစ်အုပ်စု ထမင်းစားဖို့ မင်းကင်းနယ်မှာ ငွေနဲ့ဆန် ဆက်ကြေးတောင်းပြီး မပေးရင် ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်၊
ရွှေဥ/MFP၊ ဩဂုတ် – ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် စစ်ရှုံးလို့ သုံးနှစ်ကျော်ကြာ ခြေမချနိုင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကားလမ်းကို ပြန်လည် သိမ်းပိုက် ပြီးနောက် လမ်းဖွင့်ပွဲ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၅ရက်မှာ ကလေးဝမြို့နယ်ကနေ မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အင်အား ၄၀၀ ခန့်ပါ စစ်အုပ်စုဟာ ကြာပင်ကျေးရွာ ရဲစခန်း အပါအဝင် မင်းကင်းနယ်ရှိ ကားလမ်း တလျှောက် တပ်စွဲနေရာယူ ကင်းစောင့်နေပြီး လမ်းဖွင့်ပွဲ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ကားလမ်းကင်းစောင့်ရတဲ့ စစ်အုပ်စု ထမင်းစားရဖို့အတွက် ဒေသခံပြည်သူတွေက တစ်အိမ်ကို ငွေကျပ် ၅၀၀၀ နဲ့ ဆန်တစ်ပြည်နှုန်း ပေးဆောင်ကြဖို့ စစ်အုပ်စုက ဆက်ကြေးကောက်နေသလို လမ်းဖွင့်ပွဲကို မဖြစ်မနေ တက်ရောက်ကြဖို့နဲ့ ဆက်ကြေးမပေးဘဲ PDF ဆက်သွယ်ရင် လူတွေကို ဖမ်းဆီးပြီး ရွာတွေ မီးရှို့ပြာချမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းနယ် ကြာပင်ကျေးရွာရဲစခန်းကနေ စာထုတ်ကာ ကြာပင်၊ ရေဦး၊ ရွာသာ၊ မန်ကြီးကန်၊ တောင်စာရေး၊ ယင်းမာ၊ ကျောက်တန်း စတဲ့ ကျေးရွာခြောက်ရွာမှာ တစ်အိမ်ကို ငွေကျပ် ၅၀၀၀ နဲ့ ဆန်တစ်ပြည်နှုန်း စစ်အုပ်စုက ဆက်ကြေးလိုက်လံ ကောက်ခံနေပြီး မပေးရင် ဖမ်းဆီးမယ်ဆိုလို့ ပြည်သူတချို့ ကြောက်ရွံ့ပေးဆောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“တစ်အိမ်ကို ၅၀၀၀ တောင်းတယ်၊ ဆန်တစ်ပြည် တောင်းတယ်။ ရွာထဲလည်း ကင်းလှည့်တယ်။ ကားလမ်း ဖွင့်ပွဲ လုပ်မှာလို့လည်း ပြောတယ်။ ဘယ်နေရာမှာ လုပ်မှာတော့ မသိရဘူး၊ ကျော်ရွာဘက်က တိုက်ပွဲ ဖြစ်နေတာဆိုတော့ ရဲစခန်းရှိတဲ့ ကြာပင်မှာ လုပ်လောက်တယ်။ ရွာထဲကတော့ လူငယ်တွေက မနေရဲကြဘူး ၊ပေါ်တာဆွဲမှာ ကြောက်လို့ ရှောင်နေကြတယ်”

မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း ဖွင့်ပွဲ လုပ်ပါကလည်း ရွာခံတွေအနေနဲ့ လာရောက် ကြိုဆိုကြဖို့ စစ်အုပ်စုက အမိန့်ထုတ်ထားပြီး ဆက်ကြေးမပေး၊ လမ်းဖွင့်ပွဲမလာ၊ PDF တွေနဲ့ အဆက်အသွယ် လုပ်ပါက လူတွေကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ပြာချမယ်လို့ ခြိမ်းခြောက် ပြောဆိုတယ်လို့ ဆိုပါတယ်။
စစ်ရှုံးလို့ ၂၀၂၂ နှစ်ကုန်ပိုင်းက စပြီး ကနီနဲ့ မင်းကင်းနယ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပေါ် ခြေမချနိုင်တဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း မုံရွာဘက်ကရော ကလေးဝမြို့ဘက်ကနေပါ နှစ်ဖက်ညှပ်ကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးပြုကာ သုံးလနီးပါးကြာ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုဟာ ဇွန်လအတွင်း မင်းကင်းနယ်ထဲ ကားလမ်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ယခု ဩဂုတ်လအတွင်း မုံရွာဘက်ကရော ကလေးဝနယ်ဘက်ကပါ ထပ်မံ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးကာ ကားလမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် လမ်းပိုင်းတလျှောက် တပ်စွဲနေရာယူ၊ ကင်းအစောင့်တွေ ချပြီးနောက် လမ်းဖွင့်ပွဲနဲ့ ကြိုဆိုပွဲ လုပ်ဖို့ ပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကားလမ်းကို စိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးစားနေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေက ယခုရက်ပိုင်း မင်းကင်းနယ် ကျော်ရွာ၊ စပ်လျင်ချောင်းနဲ့ သဲယိုင်ကျေးရွာတွေအနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းနယ်ခံ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်း ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ အဲ့ဒီ ကားလမ်းကို မထိန်းချုပ်နိုင်လို့ အာဏာသိမ်းပြီး ငါးနှစ်ကြာချိန်အထိ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေးဘဲ ဖြစ်နေပါတယ်။

ဇွန်လအတွင်းက မင်းကင်းနယ်၊ ကျော်ရွာအနီး၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #မင်းကင်း #မုံရွာယာဝကီးကလေးဝလမ်း



