စစ်ကိုင်းသတင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်သားတွေ လစာခံစားခွင့် လျှော့ခံရလို့ ဆန္ဒပြ၊

ဝန်ထမ်းမရှိလို့ လေးနှစ်ကျော် ရပ်နားခဲ့ရတဲ့ တရုတ်က ဝန်ထမ်း ပြန်ပေါများချိန် လစာ လျှော့တာဖြစ်၊

ဘဦး/MFP၊ ဩဂုတ် – ၃၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ပိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက လုပ်သားတွေ ရက်မှန်ကြေးနဲ့ လစာခံစားခွင့်တွေ လျှော့ချခံရလို့ ဝန်ထမ်း ၄၀၀ ကျော် လုပ်ငန်းခွင်အတွင်း ဆန္ဒပြနေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ် ၂၈ရက် ည ၁၀ နာရီက စတင်ကာ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီ၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရှိ တူးဖော်ရေးဌာနှနဲ့ Heavy Workshop ဌာနက အလုပ်သမားတွေ အားလုံး အလုပ် ရပ်ဆိုင်းကာ ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တရုတ်က လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့် မပေးတော့ဘူး။ ထမင်းဖိုးနဲ့ ရက်မှန်ကြေးပါ ဖြတ်တဲ့အတွက် ဆန္ဒပြခဲ့တာ” လို့ အလုပ်သမားတစ်ဦးက MFP ကို ပြောပါတယ်။

ဆန္ဒပြတဲ့ ဝန်ထမ်းတွေဟာ တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီ လက်အောက်ရှိ စီနိုဟိုက်ဒရို ကုမ္မဏီက ဝန်ထမ်းတွေ ဖြစ်ပြီး တူးဖော်ရေးပိုင်း အဓိက လုပ်ဆောင်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဝန်ထမ်းတွေကို ပေးထားတဲ့ လစာခံစားခွင့်တွေထဲက လာမယ့် စက်တင်ဘာက စတင်ပြီး ရက်မှန်ကြေး ကျပ် ၃၀၀,၀၀၀ ဖြတ်တောက်မှာ ဖြစ်သလို ယခင်လို အလုပ်က ထမင်းကျွေး၊ နေစရာ ပေးတာတွေ မရှိတော့ဘဲ အလုပ်သမားတွေကို ကိုယ့်အိမ်ကနေ အလုပ်တက်၊ အလုပ်နား စနစ် ပြောင်းဖို့ စီစဉ်တာကြောင့် ဝန်ထမ်းတွေ ထိခိုက်နစ်နာတဲ့အတွက် အခုလို ဆန္ဒပြမှု ဖြစ်ပွားတာလို့ ဆိုပါတယ်။

“အလုပ်သမားတွေကို နေစရာ မပေးချင်တာရယ်၊ မကျွေးချင်တာရယ်၊ ရက်မှန်ကြေး မပေးချင်တာရယ် ကြောင့် အိမ်က ပြန်၊တက် တက်ခိုင်းမယ်လို့  ကြေညာတာ၊ အလုပ်သမားတွေ ဘက်ကလည်း အိမ်ကနေ ပြန်၊တက် တက်ရင် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ဆန္ဒပြတာ” လို့ အထက်ပါ ဝန်ထမ်းက ပြောပါတယ်။

တရုတ်ကြေးနီစက်ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအများစုဟာ ဆားလင်းကြီးနယ် ကျေးရွာတွေက ဖြစ်ပြီး နေ့စဉ် အလုပ်သွားအလုပ်ပြန်ဖို့အတွက် လုံခြုံရေး စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

တရုတ်ပိုင် လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်း ၃၀၀၀ ကျော် ရှိပါတယ်။

တရုတ်ပိုင် ကြေးနီစိမံကိန်းတွေမှာ ဝန်ထမ်း အများစုဟာ စစ်အာဏာသိမ်းစက CDM လုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး စားဝတ်နေရေးကြောင့် ပြီးခဲ့တဲ့ လတွေအတွင်း တရုတ်လက်အောက် ပြန်လည် ဝင်ရောက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

ဝန်ထမ်းအများအပြား CDM ပြုလုပ်တာကြောင့် စစ်အာဏာသိမ်းစ ၂၀၂၁ ကနေ ၂၀၂၅ အထိ တရုတ်တွေ အနေနဲ့ ကြေးနီတူးဖော်ရေး လုပ်ငန်းတွေကို အပြည့်အဝ မလုပ်နိုင်ဘဲ ရပ်နားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရုတ်နဲ့ စစ်အုပ်စုတို့ ပေါင်းကာ ဧရာဝတီတိုင်းဘက်က ပျူစောထီး မိသားစုတွေကို ကြေးနီစီမံကိန်း အလုပ်သမားအဖြစ် ခေါ်သွင်းတာတွေ ရှိခဲ့သလို CDM ဝန်ထမ်းတွေ ကိုလည်း ပြန်လည် ချော့မော့စည်ရုံးကာ အလုပ်ဝင်စေတာကြောင့် ၂၀၂၅ ဇူလိုင်မှာ ကြေးနီတူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပုံမှန်နီးပါး ပြန်လည်ပတ်နိုင်ခဲ့တာလို့ ဝန်ထမ်းတွေက ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးပြီး စားဝတ်နေရေး ကြပ်တည်းလို့ တရုတ် စက်ရုံမှာ ဝင်ရောက် လုပ်ကိုင်လိုသူ ပေါများလာချိန် တရုတ်က အခုလို လစာခံစားခွင့် လျှော့ချတာလို့ ဆိုပါတယ်။

တရုတ်ကြေးနီစီမံကိန်း ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းက တွေ့ရစဉ်/Photo – ဝမ်ပေါင်ကုမ္ပဏီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #လက်ပံတောင်းတောင်ကြေးနီစီမံကိန်း #မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းဆန္ဒပြ

Related Articles

Back to top button