စစ်ကိုင်းသတင်း

ချောင်းဦးမှာ စီးနင်းမီးရှို့သတ်ဖြတ်နေတဲ့ စစ်ကြောင်းတချို့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသယ်ထုတ်ကာ ပြန်လည်ဆုတ်ခွာနေ၊စစ်ရှောင်သားအဖနှစ်ဦးကို ပစ်သတ်သွားပြီး ဗုံးကြဲပစ်ခတ်လို့ သေဆုံးသူတွေလည်းရှိ

MN/MFP ၊ စက်တင်ဘာ – ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးနယ်အနောက်မြောက်ခြမ်းနဲ့ မုံရွာနယ်တောင်ခြမ်းက ကျေးရွာတွေကို တစ်ပတ်နီးပါး စီးနင်းမီးရှို့ သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းတွေထဲက တချို့ဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာတော့ ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ ခိုးယူသယ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၅၀၀ နီးပါးရှိတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ သြဂုတ်လ ၂၉ရက်နေ့မှာ ချောင်းဦးနယ်အနောက်မြောက်ခြမ်းနဲ့ မုံရွာနယ်တောင်ခြမ်းက ကျေးရွာတွေကို ဖြန့်ခွဲကာ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ဒေသခံတွေကို ဓားစာခံ လူသားဒိုင်းလုပ်ကာ မိုင်းရှင်းခိုင်းခဲ့သလို လေကြောင်းကနေလည်း ‌ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲခဲ့တာပါ။

ဒီကနေ့ညနေပိုင်းမှာတော့ အဲဒီထဲက စစ်ကြောင်းတချို့ ပြန်လည်ဆုတ်ခွာသွားပြီး ဓားစားခံတချို့လည်း ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ချောင်းဦးနယ်ခံတစ်ဦးက ပြောပါတယ်။

“ကနဦး ရှေ့ပြေးအင်အား ၁၀၀ ကျော်ပါတဲ့ ကားသုံးစီးနဲ့ ခင်မွန်ကနေဖြတ်ပြီးတော့ မုံရွာဘက်ကို ပြန်ဆုတ်သွားတယ်။ အဲဒီ စစ်ကြောင်းနဲ့အတူ ဓားစာခံဖမ်းခံရတဲ့သူတွေထဲက ခြောက်ဦး ပြန်လွတ်လာတယ်။ အကုန်တော့ မလွတ်လာသေးဘူး။ နောက်မှာ ကျီကုန်းရွာနဲ့ ရွှေဒါးကျရွာတွေမှာတော့ စစ်ကြောင်းတွေ ကျန်နေသေးတယ်။ အကုန်မဆုတ်သေးဘူး။ တဖြေးဖြေးနဲ့ ဆုတ်နေတာပေါ့။ မိုင်းနင်းမိတဲ့ (စစ်အုပ်စု)ကောင်တွေကိုလည်း သယ်ထုတ်နေတုန်းပဲ။ ကားတွေနဲ့ ပြည်သူတွေပစ္စည်းတွေပါ သယ်ထုတ်နေတာ”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်ရက်အတွင်း အဆိုပါစစ်အုပ်စုဟာ ခင်မွန်၊ကျီကုန်းနဲ့ ရွှေဒါးကျကျေးရွာတွေမှာ စစ်ကြောင်းတွေခွဲကာ အထိုင်ချတပ်စွဲပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူသယ်ထုတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

အဲဒီစစ်အုပ်စုဟာ စစ်ကြောင်းထိုးချိန်တလျှောက် ခင်မွန်ရွာက ဒေသခံအယောက် ၂၀ကျော်ကို ဓားစားခံလုပ် ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာ ၁ ရက်မှာလည်း ခင်မွန်ရွာထဲက စစ်ရှောင်သားအဖနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ခင်မွန်ရွာခံတစ်ဦးက MFPကို ပြောပါတယ်။

“ပွိုင့်ဖိုက် တင်လာတဲ့ ကားတစ်စီးနဲ့ ခွေးဘီလူး ကားတစ်စီးကို ဒီဘက်က တော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ သူတို့(စခ)တွေဘက်က အထိနာအသေများပြီးတော့ ကားတွေ မောင်းပြေးသွားတာ။ သေသွားတဲ့ အလောင်းတွေမကောက်နိုင်ဘူး။ အဲဒါကို နောက်ထပ် စစ်ကြောင်းတခုက သူတို့လူတွေကို လုပ်ရပါ့မလားဆိုပြီး ရွာထဲကို အတင်းထပ်ဝင်လာပြီးတော့ ဆဲဆိုပြီး ပစ်တော့တာ။ အဲဒီမှာ ဘုန်းကြီးကျောင်းထဲမှာ စစ်ဘေးရှောင်နေရာကနေ အပြင်ထွက်လာတဲ့ သားအဖ နှစ်ယောက်ကို တည်ပြီး ပစ်သတ်သွားတာ။ နောက်ထပ် ဒဏ်ရာရတာတွေလည်း ရှိသေးတယ်”လို့ သူကပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ရှောင်သားအဖဟာ အသက် ၆၀ အရွယ်အမျိုးသားနဲ့ အသက် ၂၀ ကျော်အမျိုးသမီး တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိကာ စစ်အုပ်စုက နွားခြောက်ကောင်ကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေဟာ ဩဂုတ် ၃၀ ရက်နေ့ကလည်း ကျီကုန်းကျေးရွာကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စက်တင်ဘာ ၁ ရက်မှာလည်း ရွှေဒါးကျရွာကို စီးနင်းလုယက်မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးကျော်လည်း မီးလောင်ပြာကျခဲ့ပါသေးတယ်။

ရွှေဒါးကျကျေးရွာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ က စစ်အုပ်စုနဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားစဉ် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် ဦးဣန္ဒာစာရ ရဲ့ ကျေးရွာဖြစ်သလို ဆရာတော် သေဆုံးမှုနဲ့ပတ်သက်လို့ စစ်အုပ်စု လော်ဘီတွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးပေးဖို့ တောင်းဆိုခဲ့ပြီး မကြာခင်ရက်ပိုင်းမှာ စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ မြေပြင် စစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ အဆိုပါစစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိမှာ ချောင်းဦးနယ်ထဲ မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုစစ်ကြောင်းတွေထဲက တချို့ဟာ ချောင်းဦးနယ်ထဲကနေ ပြန်ဆုတ်နေပြီဆိုပေမယ့် ရွာထဲမှာ စစ်အုပ်စုနောက်ချန်အင်အားတချို့နဲ့ မိုင်းတွေရှိနေနိုင်တာကြောင့် စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေအနေနဲ့ ကျေးရွာတွေထဲကို အလျင်စလို ဝင်ရောက်နေထိုင်တာတွေ မလုပ်ဆောင်ကြသေးဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးမှသာ ဝင်ရောက်နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ချောင်းဦးနယ်အနောက်ခြမ်းကို စစ်အုပ်စုက ခြောက်ရက်ကြာ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်ခဲ့တာကြောင့် ခင်မွန်၊ ကျီကုန်း၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ပေါက်တော၊ ချောင်းမနား၊ ညောင်ပင်သာ၊ ဘုံတို၊ မြင်းမြေ၊ ကုန်းကြီး စတဲ့ ကျေးရွာတွေနဲ့ ချောင်းဦးနယ်အစပ် မုံရွာနယ်ထဲက ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ သစ်ဆိမ့်၊ မရိုးကုန်း၊ ကျောင်းစု၊ ဘုမ္မနိုး၊ ဆင်ကျွန်း စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချောင်းဦးနယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုတွေက စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆင်မြေကျေးရွာက ရှေးဟောင်းသမိုင်းဝင် နှီးဘုရားကြီးနဲ့ သာသနိက အဆောက်အအုံတွေအပါအဝင် ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေက နေအိမ် စုစုပေါင်း ၃၃၀ ကျော် မီးလောင်ပြာကျခဲ့ပါသေးတယ်။

Related Articles

Back to top button