မကွေးသတင်း

ချင်းပြည် မင်းတပ်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ အသက်ကြီးရွယ်အို ဇနှီးမောင်နှံ သေဆုံး၊

မြေပြင်တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲ၊ လက်နက်ကြီးထု၊ လမ်းပန်းဆက်သွယ်ရေး ဖြတ်၊

ဒံယေလ/MFP၊ စက်တင်ဘာ – ၄

ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မင်းတပ်မြို့ကို ပြန်ရရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက်ကြီးရွယ်အို ဇနှီးမောင်နှံ ထိမှန်ကာ နှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၄ရက် ဒီနေ့ မနက်ပိုင်း မင်းတပ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲကနေ စစ်အုပ်စုက မင်းတပ်မြို့နယ်ဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး စိုက်ခင်းထဲ တဲထိုးနေထိုင်ကြတဲ့ အသက် ၆၀ အရွယ် ဇနှီးမောင်နှံနှစ်ဦး ထိမှန်ကာ သေဆုံးတာလို့ ဆိုပါတယ်။

“ပွဲချင်းပြီးသေဆုံးတာပါ” လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်တဲ့ မင်းတပ်နယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ မင်းတပ်နဲ့ ကျောက်ထုနယ်အစပ်ရှိ စစ်အုပ်စုဟာ ဒီကနေ့ တနေကုန်နီးပါး လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်နေတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ကျေးရွာတွေဘက် ချိန်ရွယ်ကာ အကြောင်းမဲ့ ပစ်ခတ်နေတာလို့ မင်းတပ်နယ်ခံတစ်ဦးက ပြောပါတယ်။

“မနက်က ပစ်တာ၊ နေခင်းလည်း သုံးလုံး ပစ်တယ်”

မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့၊ရွာတွေကို ၂၀၂၄ ကတည်းက တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသုံးချကာ ပြီးခဲ့တဲ့ မေလကတည်းက မကွေးတိုင်းကနေ ချင်းပြည်ဘက် အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

လေးလကြာ ထိုးစစ်ဆင်နေပေမယ့် ရှေ့မတိုးနိုင်တဲ့ စစ်အုပ်စုဟာ မင်းတပ်မြို့ အပါအဝင် ချင်းနဲ့ မကွေးတိုင်း မြို့၊ရွာတွေကို နေ့စဉ် ဗုံးပတ်ကြဲနေသလို ပြည်သူကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့လည်း နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၀ရက်ကလည်း မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲလို့ မူလတန်းကျောင်းသား နှစ်ဦး၊ ကိုးတန်းကျောင်းသူ တစ်ဦးနဲ့ အဘိုးအဘွားတွေ အပါအဝင် ဒေသခံပြည်သူ ရှစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မင်းတပ်မြို့နယ်အတွင်းရှိ မြို့၊ရွာတွေအပေါ် စစ်အုပ်စုက အကြိမ်ရေများစွာ ဗုံးပတ်ကြဲလို့ ရှိမ်းရွာက ၁၀နှစ်အောက် မိန်းကလေးငယ်သုံးဦး၊ ကျောက်တောင်ရွာက နှစ်နှစ်အရွယ် ကလေးငယ် အပါအဝင် သားအမိနှစ်ဦး၊ ကျင်‌ဒွေးမြို့က အမျိုးသမီးတွေ အပါအဝင် ငါးဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဒေသတွင်းရှိ ဆန်၊ဆီ၊ဆား၊ ရိက္ခာ သယ်ယူရေး လမ်းကြောင်းတွေကို တတ်နိုင်သလောက် ဖြတ်တောက်ထားလို့ ဒေသခံပြည်သူတွေကြား ကုန်ပစ္စည်းတွေ ပြတ်လပ်ကာ ကုန်စျေးနှုန်း အဆမတန် ကြီးမြှင့်မှုဒဏ် ခံစားနေကြရတယ်လို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ကြက်သွန်နီတစ်ပိသာ ၁၃,၀၀၀ အထိ စျေးပေါက်တယ်။ ခရမ်းချဉ်သီး ဝယ်မရ၊ အကုန် ဖြတ်ခံထားရတယ်ဗျ”

ဒေသတွင်း တိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှု အန္တရာယ်ကြောင့် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး မင်းတပ်မြို့နယ်ရှိ ပည်သူတွေ စစ်ဘေးရှောင်နေထိုင်ကြရင်း ၂၀၂၁ ကနေ ၂၀၂၄ အထိ လေးနှစ်တာအတွင်း အာဟာရချို့တဲ့သူတွေ၊ ဆေးကုသခွင့် ပြည့်ပြည့်ဝဝ မရရှိခဲ့တဲ့ ကလေးငယ်တွေ၊ နာတာရှည်ရောဂါသည်တွေနဲ့  လေကြောင်း၊ လက်နက်ကြီးစ ထိမှန်သူတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ စုစုပေါင်း ၈၀၀ နီးပါး ရှိတယ်လို့ စစ်ဘေးရှောင် ကူညီနေတဲ့ Mindat Township IDPs Camp Management Committee က ဇွန် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #မင်းတပ် #ချင်းပြည်

Related Articles

Back to top button