စစ်ကိုင်းသတင်း

မုံရွာနဲ့ ချောင်းဦးနယ် စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာ ကိုးရက်ကြာ ရှိလာ၊

ပြည်သူခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခဲ့၊

MN/MFP ၊ စက်တင်ဘာ – ၆

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ကိုးရက်ကြာ ရှိလာပြီး ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခဲ့သူလည်း ခြောက်ဦးအထိ ရှိလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၂၉ ရက်က စတင်ကာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုဟာ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စီးနင်းကာ ဒေသခံတွေကို ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချ၊ တချို့ကို သ-တ်ဖြ-တ်၊ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက် ဒီကနေ့အထိ မုံရွာနဲ့ ချောင်းဦးအစပ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ဖမ်ဆီး သတ်ဖြတ်၊ စွန့်ပစ်ထားခဲ့တဲ့ ဒေသခံ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပြီး သေဆုံးသူတွေထဲ အမျိုးသမီးနဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူတွေ ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်က မုံရွာ-မန္တလေး ကားလမ်း၊ ခင်မွန်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အသက် ၆၀ အရွယ် ဖခင်နဲ့ အသက် ၂၀ ကျော်အရွယ် သမီးဖြစ်သူတို့ကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခဲ့ပြီးနောက် စက်တင်ဘာ ၂ရက်ကနေ ၅ရက်အတွင်း နောက်ထပ် အမျိုးသားအလောင်း လေးလောင်း ထပ်မံ တွေ့ရတာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ တွေ့ရတာကတော့ စုစုပေါင်း သတ်ဖြတ်ခံရတာက လေးဦးပေါ့။ အကုန်လုံးက ဒေသခံ အမျိုးသားတွေချည်းပါပဲ။ အဲဒီထဲက အရူးတစ်ယောက်ကတော့ လည်ပင်းကို သုံးချက် လှီးပြီးတော့ သတ်သွားတာ။ ကျန်တဲ့သူတွေကတော့ အကုန်လုံး ဂန်း(သေနတ်)တွေနဲ့ တေ့ပြီး ပစ်သတ်သွားတာ။ မနေ့ကဆိုရင် ခေါင်းကို တေ့ပစ်ခံထားရပြီးတော့ မီးရှို့ပစ်ထားခဲ့တဲ့ ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်တွေ့ခဲ့သေးတယ်။ အားလုံးပေါင်းတွေ့ထားတာကတော့ ရုပ်အလောင်း လေးလောင်းပါ”လို့ ချောင်းဦးနယ်ခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသခံတွေဟာ မုံရွာနယ် သစ်စိမ့်ကျေးရွာက စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသားတစ်ဦး၊ ချောင်းဦးနယ် ကျီကုန်းရွာက အမျိုးသား တစ်ဦးနဲ့ ကျန်သူတွေကတော့ ရွှေဒါးကျကျေးရွာ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မုံရွာနဲ့ ချောင်းဦးနယ်ထဲ ကိုးရက်ကြာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ စက်တင်ဘာ ၆ ရက် ဒီကနေ့မှာတော့ ချောင်းဦးနယ်အနောက်ခြမ်းရှိ ကျီကုန်းရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်နေသလို ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီကနေ့ စစ်ကြောင်းကတော့ ကျီကုန်းရွာထဲက နေအိမ်တွေ မီးရှို့နေတယ်။ ရွာထဲက ပြည်သူပိုင် ပစ္စည်းတွေ ဖြစ်တဲ့ ဗီရိုတို့၊ ရေခဲသေတ္တာတို့လို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ဆန်၊ဆီ၊ဆား သယ်လို့ ရတဲ့ ဟာတွေ အကုန် သယ်ထုတ်နေတာ။ ရွှေဒါးကျရွာဘက်ကတော့ စစ်ကြောင်းက မရှိတော့ဘူး။ ဒါပေမဲ့ ရွှေဒါးကျရွာနဲ့ နီးတဲ့ ကျီကုန်းရွာထဲမှာ စစ်ကြောင်းက ဆက်ရှိနေသေးတာဆိုတော့ ဒေသခံတွေက အကုန်လုံး ရွာတွေထဲ ပြန်မဝင်ရဲကြသေးဘူး” လို့ ချောင်းဦးနယ်ခံက ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၁ ရက်က ရွှေဒါးကျရွာကို စီးနင်းလုယက်ပြီးနောက် ရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဒေသခံပြည်သူ ၂၀ ထက်မနည်းကို ဖမ်းဆီးထားပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချသလို မိုင်းရှင်းခိုင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲ၊ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ချောင်းဦးနယ်ရှိ ခင်မွန်၊ ကျီကုန်း၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ပေါက်တော၊ ချောင်းမနား၊ ညောင်ပင်သာ၊ ဘုံတို၊ မြင်းမြေ၊ ကုန်းကြီး စတဲ့ ကျေးရွာတွေနဲ့ မုံရွာနယ်ရှိ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ သစ်ဆိမ့်၊ မရိုးကုန်း၊ ကျောင်းစု၊ ဘုမ္မနိုး၊ ဆင်ကျွန်း စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။

ဩဂုတ် ၂၄ ရက်က ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာက သံဃာတစ်ပါးအား အာဏာသိမ်း စစ်အုပ်စုနဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တော်လှန်ရေး အင်အားစုတွေက ဖမ်းဆီးထားစဉ် ညှဉ်းပန်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့ပြီးနောက် စစ်အုပ်စုက အခုလို ချောင်းဦးနဲ့ မုံရွာနယ်ထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ချောင်းဦးနဲ့ မုံရွာနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိအခိုက် အသေအပျောက်တွေ ရှိတယ်လို့ ဆိုပါတယ်။

မုံရွာနဲ့ ချောင်းဦးနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသ-တ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ပျက်စီးတဲ့ နေအိမ်တစ်လုံး/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး

Related Articles

Back to top button