မကွေးသတင်း

မြိုင်နယ် ရေနံတွင်းတွေကို စစ်အုပ်စု မိုင်းခွဲဖျက်ဆီး၊

ရေနံမှော်တွေရှိရာ စစ်အုပ်စု စစ်ကြောင်းထိုး လူသတ်၊ လုယက်၊ မီးရှို့ သောင်းကျန်းနေတာ သုံးလ ရှိလာ၊

အီသာရမ်/MFP၊ စက်တင်ဘာ-၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်၊ ကျောက်ခွက်ရေနံမှော်ရှိ ပြည်သူတွေ တူးဖော် လုပ်ကိုင်နေတဲ့ ရေနံတွင်း လေးတွင်းကို အာဏာသိမ်း စစ်အုပ်စုက မိုင်းခွဲဖျက်ဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စက်တင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်း မြိုင်မြို့နယ်၊ တဲကြီးကျေးရွာထဲ စီးနင်းခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ကျောက်ခွက်ရေနံမြေကို စီးနင်းဝင်ရောက်ပြီးနောက် အရပ်သားပြည်သူတွေ တူးဖော်လုပ်ကိုင်နေတဲ့ ရေနံတွင်း လေးတွင်းကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ဒီမနက် လေးတွင်း ခွဲတာ၊ အရပ်သားဟာပါ၊ စစ်ကြောင်းက ထွက်လိုက်ဝင်လိုက်ပဲ၊ တဲကြီးမှာ အခြေပြုနေတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

တဲကြီးကျေးရွာထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ကျောက်ခွက်ရေနံမှော်ကို စီးနင်းကာ ရေနံတွင်း လေးတွင်းကို မိုင်းခွဲဖျက်ဆီးပြီးနောက် တဲကြီးကျေးရွာအတွင်း ပြန်ဝင်ပြေးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ တဲကြီးကျေးရွာထဲ စီးနင်းခိုအောင်းနေတာ လဝက်ကျော်ကြာ ရှိလာပြီး ကျေးရွာအတွင်းရှိ ဆန်၊ ဆီ၊ ကြက်၊ ဝက် စတဲ့ ဖောက်ထွင်ခိုးယူလို့ ရသမျှ ပစ္စည်းတွေနဲ့ စားသောက်နေထိုင်ကာ ရွာကိုလည်း အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စုဟာ ပေါက်နဲ့ မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရေနံမြေ၊ ရေနံတွင်းတွေဆီ ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ပခုက္ကူကနေ စထွက်လာကတည်းက ရိက္ခာအလုံအလောက် မပါဘဲ လမ်းတလျှောက် ရွာစဉ်ပတ်မွှေ စီးနင်းကာ ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်းလုယက် စားသောက်နေတာ ဖြစ်သလို ဒေသခံ ပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေလည်း ထင်တိုင်းကျဲ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရေနံမြေရေနံတွင်းတွေဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ ဇွန်လကနေ ဩဂုတ်အထိ နှစ်လကျော်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၅၀ ထက်မနည်း သုတ်သင်နိုင်ခဲ့ကာ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေလည်း ဖမ်းမိ၊ သိမ်းဆည်း ရမိတယ်လို့ ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု ဖြစ်တဲ့ အညာတမာ စစ်ဆင်ရေး စုဖွဲ့မှုက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး အထိနာချိန်တိုင်း လေကြောင်းပစ်ကူ ဗုံးကြဲနေပြီး ပြည်သူကို ပစ်မှတ်ထားကာ မြို့၊ရွာတွေကိုပါ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ တဲကြီးရွာထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ တဲကြီးရွာနဲ့ ငါးမိုင်ခန့်အကွာ၊ မြိုင်နဲ့ပေါက်မြို့နယ် အစပ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လက်ပံတို ရေနံမြေနဲ့ ဖလံကိုင်း ရဲစခန်းဆီ ဦးတည် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ခန့်မှန်းပါတယ်။

လက်ပံတိုရေနံမြေဟာ မြိုင်နဲ့ ပေါက်နယ်ထဲ အကြီးဆုံး ရေနံတွင်းဖြစ်ပြီး အာဏာမသိမ်းခင်က မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanma Oil and Gas Enterprise – MOGE) အဖြစ် ပြည်ထောင်စု အစိုးရက စီမံတဲ့ ရေနံထုတ်လုပ်တဲ့နေရာ ဖြစ်ကာ ၂၀၂၄ ဧပြီမှာ စစ်အုပ်စု ထွက်ပြေးလို့ တော်လှန်ရေး တပ်တွေက လက်ပံတိုရေနံမြေနဲ့ ဖလံကိုင်း နယ်မြေရဲစခန်းတို့မှာ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်ရှိ ရေနံမြေရေနံတွင်းတွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ သုံးလ အတွင်း အမျိုးသမီးနဲ့ အဖိုးအဖွားတွေ အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ ပြီး ဖြစ်သလို ကျေးရွာ ၁၀ရွာကျော်က နေအိမ် ၄၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စုက ဆက်လက် စစ်ကြောင်းထိုးကာ ရန်ပြုနေလို့ မြိုင်နဲ့ ပေါက်နယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်ရှိ ရေနံမှော်တစ်ခုက ရေနံတွင်းတစ်တွင်း/photo – ထင်လင်း/MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက်နဲ့မြိုင် #ရေနံမှော်

Related Articles

Back to top button