သတင်း

PDF ငါးနှစ်ပြည့် အထိမ်းအမှတ် NUG က တော်လှန်ရေးရဲဘော် ၁,၇၀၀ ကျော်ကို စစ်ဘက်ဆိုင်ရာ ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်၊

ဒေါ်လာ/MFP၊ စက်တင်ဘာ – ၇

ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF တည်ထောင်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေး ရဲဘော် ၁၇၉၀ ကျော်ကို စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေး ငါးနှစ်တာ ကာလအတွင်း အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွား မငဲ့ကွက်ဘဲ စစ်ရေး တာဝန်တွေ ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းများအား ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်အပ်နှင်းတာလို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution/HPR)၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution/LPR)၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS)၊ တော်လှန်ရေး အမှုထမ်းကောင်း တံဆိပ် (Badge of Revolutionary Service – BRS) တို့ကို ချီးမြှင့်ခဲ့တာ ဖြစ်ပြီး HPR ဘွဲ့ ရရှိသူ တစ်ဦး၊ LPR ဘွဲ့ ရရှိသူ ၂၁ ဦး၊ PMNS ဆု ရရှိသူ ၁၆၄၇ ဦး၊ PMLS ဆု ရရှိသူ ၈၁ ဦးနဲ့ BRS တံဆိပ် ရရှိသူ ၄၂ ဦး ရှိတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

NUG က ပေးအပ်တဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ် ရရှိသူ စုစုပေါင်း ၁,၇၉၂ ဦး အထိ ရှိပြီး PDF ၁,၄၄၂ ဦး၊ PDO ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦး ဖြစ်ကာ အဲ့ဒီအထဲ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။

“သူရဲကောင်း ဆု၊ ဘွဲ့ နှင့် တံဆိပ်ချီးမြှင့်ခြင်း အစီအစဉ်ကို နှစ်စဉ်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း” လို့ NUG က ဖော်ပြပါတယ်။

ဂုဏ်ပြု ဆု၊ တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၇ ရက်မှာ အွန်လိုင်းနဲ့ မြေပြင် နှစ်မျိုး ပေါင်းစပ် ပြုလုပ်ခဲ့ပြီး NUG နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အစိုးရ တာဝန်ရှိသူတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တွေ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC ခေါင်းဆောင်တွေ၊ ဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဖက်ဒရယ် လွှတ်တော်တွေက တာဝန်ရှိသူတွေ၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့က တပ်မှူးတွေ၊ ရဲဘော်တွေ၊ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #မန္တလေး #NUGဘွဲ့

Related Articles

Back to top button