သတင်း

ချင်းပြည် တီးတိန်မှာ မိုးရွာမြေပြိုလို့ ရေပိုက်လိုင်းတွေ ပျက်စီးကာ ရေပြတ်လပ်မှု ကြုံနေ၊

ဘုရားကျောင်းနဲ့ အိမ်တွေ ပြို၊ ကားလမ်းတွေလည်း မြေပြိုလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၊

ရွှေဥ/MFP၊ စက်တင်ဘာ – ၇

ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ရက်သတ္တတစ်ပတ်ကျော် မိုးအဆက်မပြတ် ရွာသွန်းကာ ရေကြီး၊ မြေပြိုတာတွေကြောင့် ရေပိုက်လိုင်းတွေလည်း ပျက်စီးကာ ရေပြတ်လပ်မှု ကြုံနေရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ယခု စက်တင်ဘာ လဆန်းက စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းကာ မြေပြိုတာတွေကြောင့် တီးတိန်မြို့နယ်အတွင်း မြေပြိုကာ ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးတာ၊ ကားလမ်းတွေ ပိတ်ဆို့ ပြတ်တောက်တာနဲ့ ရေပိုက်လိုင်းတွေပါ ပျက်စီးလို့ သောက်သုံးရေ မရဘဲ ရေပြတ်တာတွေပါ ကြုံနေရတာလို့ ဆိုပါတယ်။

ရေပိုက်လိုင်းတွေ ပြတ်တောက်ပျက်စီးလို့ တီးတိန်မြို့၊ ခိုင်ကမ်းမြို့နဲ့ တီးတိန်နယ် ကျေးရွာတွေမှာ ရေပြတ်လပ်မှု ကြုံတွေ့နေရတာ ဖြစ်ပြီး တီးတိန်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စကောလမ်း (Sakollam)၊ မြို့မ (Myoma)၊ လွယ်ဘွါလ်း(Lawibual)၊ လေးလုမ်း (Leium / Leilume)နဲ့ လွယ်တောင်တန်း ရပ်ကွက်တွေ၊ အားလွယ်၊ သိုင်ငင်း၊ ထေဇံနဲ့ ပိန်းပိကျေးရွာတွေမှာ ရေပြတ် လပ်နေတာပါ။

“ပိုက်လိုင်းတွေက မြေပြိုပြီး ပျက်စီးကုန်တာ။ ရေတွေက မလာတော့ဘူး။ သောက်စရာ မရှိတော့သလို ဖြစ်တာ၊ ပြင်တော့ သွားပြင်ကြတယ်” လို့ တီးတိန်မြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။

မြို့နဲ့ကျေးရွာတွေကို ရေပေးဝေဖို့ ဆက်သွယ်ထားတဲ့ ရေပိုက်လိုင်းတွေ ရေစီးထဲ မျောပါပျက်စီးတာ ဖြစ်ပြီး မိုးရေခံကာ သောက်သုံးနေရသူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

တီးတိန်မြို့နယ်မှာ ရေတွင်း၊ ရေကန် တူးဖော်လို့ မရတာကြောင့် တောင်ကျချောင်းရေကို ပိုက်လိုင်းနဲ့ သွယ်တန်းကာ အဓိကထား သောက်သုံးနေကြရတာ ဖြစ်ပါတယ်။

အဆိုပါ ပိုက်လိုင်းတွေကိုတော့ UNICEF (ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့) အပါအဝင် နိုင်ငံတကာ ကူညီရေး အဖွဲ့တွေက ထောက်ပံ့ ကူညီပေးထားတာ ဖြစ်တယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေကပြတ်တော့ အဝေးကို ဆိုင်ကယ်နဲ့ တောင်ကျရေကို သွားသယ်ရတဲ့ သူတွေလည်း ရှိတယ်။ ခြေကျင် သွားရတဲ့ သူတွေလည်း ရှိတယ်။ ပိုက်တွေ ပြတ်ကုန်တော့ ၁၅ မိုင်လောက် အဝေးကို သယ်ကြရတယ်”

ဒါ့အပြင် မိုးရွာမြေပြိုတာကြောင့် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီးသလို ကုန်သွယ်ရေး ကားလမ်းနဲ့ လူသွားလမ်း နေရာတချို့လည်း ထိခိုက် ပျက်စီးတယ်လို့ ဆိုပါတယ်။

“တီးတိန် ကားလမ်းတွေက မြေတွေပြိုလို့ ပိတ်ကုန်တာ။ သွားလို့ မရဘူး။ အရင်ကဆို ပိန်းပိဘက်ကနေ လှည့်သွားလို့ ရသေးတယ်။ အခုက အဲ့ဒီလမ်းက ပြိုတယ်။ ရေကတော့ ကလေးမြို့မှာက ၂၀ လီတာ ဗူးကြီး တစ်ဗူးကို ၃၀၀၀ (ကျပ်) ပေးရတယ်။ ဒါက ကလေးမြို့ပေါ်မှာ ဝယ်ရတာ။ တီးတိန်မှာတော့ အဲ့ဒါထက် နှစ်ဆလောက် ပေးရတယ်။ ဘယ်သူမှ သွားမရောင်းရဲကြပါဘူး” လို့ ကားသမားတစ်ဦးက လည်း MFP ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့တွေမှာလည်း မိုးရွာ၊ ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပွားနေပါတယ်။

ကလေးမြို့နယ်မှာတော့ မိုးရွာ၊ရေကြီး၊ မြေပြိုတာတွေကြောင့် ကလေးငယ် အပါအဝင် ဒေသခံငါးဦး သေဆုံးပြီး စစ်ရှောင်တဲ ၃၀ ကျော် ရေမျောပါ ပျက်စီးကာ ပဲ၊နှမ်းနဲ့ စပါးစိုက်ခင်း ဧကထောင်ချီ ရေကြီး နစ်မြုပ်နေပါတယ်။

ချင်းပြည် တီးတိန်မြို့မှာ မိုးရွာမြေပြိုလို့ ထိခိုက်ပျက်စီးတဲ့ ရေပိုက်လိုင်း၊ နေအိမ်နဲ့ လမ်းတွေကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#ချင်းပြည်တီးတိန် #ကလေး #မိုးရွာရေကြီးမြေပြို

Related Articles

Back to top button