သတင်း

စင်းခန်းတံတားအနီး အလံဖြူထောင် အလင်းဝင် စစ်အုပ်စု ၁၅၀ ကျော်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါ အဓမ္မစစ်မှုထမ်း လူငယ် ၃၄ ဦး ပါဝင်

နန်းယု/MFP၊ စက်တင်ဘာ -၁၀

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စင်းခန်းတံတားအနီး သင်္ဘောကမ်းကပ်ပြီး အလံဖြူထောင် အလင်းဝင်လာတဲ့ စစ်အုပ်စုဝင် ၁၅၁ ဦးထဲမှာ အသက်မပြည့်သေးဘဲ အဓမ္မ စစ်သားသစ် စုဆောင်းခံထားရသူတွေ အပါအဝင် လူငယ် ၃၄ ဦး ပါဝင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်အုပ်စုဝင်တွေဟာ စက်တင်ဘာ ၂ ရက်က ရွှေကူမြို့ဘက်ကနေ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေပေါ်မှာ လိုက်ပါလာသူတွေဖြစ်ပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စင်းခန်းတံတားအောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အလံဖြူထောင် အလင်းဝင်လာတာဖြစ်တယ်လို့ KIA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူတွေထဲမှာ တပ်မှူးအဆင့် ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနဲ့ တပ်သား ၃၅ ဦး ပါဝင်ပြီး စုစုပေါင်း စစ်အုပ်စုဝင် ၈၄ ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းမနေရဥပဒေကို အသုံးပြုပြီး အဓမ္မစုဆောင်းခံထားရတဲ့ အသက် ၁၆ နှစ်ကနေ ၃၀ နှစ်အတွင်း လူငယ် ၃၄ ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင်နဲ့ စစ်အုပ်စုဝင် မိသားစုဝင် အမျိုးသမီး ၁၇ ဦး၊ အသက် လေးလအရွယ်ကနေ လေးနှစ်အကြား ကလေးငယ်တွေနဲ့ အရပ်သား ၈ ဦးလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူတွေကို သီးခြားနေရာမှာ ထားရှိပြီး အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ စောင့်ရှောက်ထားတယ်လို့ KIA က ဆိုပါတယ်။

စက်တင်ဘာ ၆ ရက်မှာလည်း စစ်အုပ်စုက စင်းခန်းဧရာဝတီမြစ်ကူးတံတားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတား သံမဏိသံဘောင်နဲ့ ကြမ်းခင်းပိုင်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး သွားလာရေးအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်မှာတော့ စင်းခန်းတံတားအနီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်အုပ်စုရဲ့ ရေယာဉ် လေးစီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ရေယာဉ် နှစ်စီးဟာ ဗန်းမော်ဘက်ကနေ အောက်ဘက်ကို ဆင်းလာတာဖြစ်ကာ ကျန်နှစ်စီးက မန္တလေးဘက်ကနေ အထက်ဘက်ကို ဆန်တက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ရေယာဉ်လေးစီးထဲက နှစ်စီးကို စင်းခန်းတံတားအနီး၊ တစ်စီးကို နတ်ခုပ်အနီးနဲ့ တစ်စီးကို ဇင်းဘုံအရှေ့ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းအနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကချင်ပြည်နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စင်းခန်းတံတားအနီး မြေပြင်တိုက်ပွဲမှာ စစ်အုပ်စုဝင် ၁၈ ဦး သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကာ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်အတွင်း စစ်အုပ်စုဝင် အလောင်း ၄၀ နီးပါးနဲ့ လက်နက် ၃၀ နီးပါး သိမ်းဆည်းရရှိထားတယ်လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ရွှေကူ စင်းခန်းတံတားအနီး ကမ်းကပ်အလံဖြူထောင်လာတဲ့ စစ်အုပ်စု/ဓာတ်ပုံ -ဒေသခံ

Related Articles

Back to top button