ပလက်ဝမြို့နယ်အတွင်း ကျောင်းတွေမှာ ပညာရေးသင်ရိုးကို ရခိုင်ဘာသာစကားနဲ့ သင်ကြားဖို့ လုပ်ဆောင်နေတဲ့အပေါ် ချင်းအဖွဲ့အစည်းတွေ ကန့်ကွက်၊အဓမ္မသင်ယူခိုင်းခြင်းမျိုးမဟုတ်ဘဲ ရခိုင်နဲ့မြန်မာ နှစ်သက်ရာ ရွေးချယ်နိုင်တယ်လို့ ULA/AA တုံ့ပြန်

ဒံယေလ/MFP၊စက်တင်ဘာ-၁၂
အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ အခြေခံပညာသင်ရိုးညွန်းတမ်းတွေကို ရခိုင်ဘာသာစကားနဲ့ သင်ကြားဖို့ လုပ်ဆောင်နေတဲ့အပေါ် ချင်းပြည်နယ် အခြေစိုက် အဖွဲ့အစည်းတွေက ကန့်ကွက်စာတွေ အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
“ULA/AA အနေဖြင့် ချင်းပြည် ပလက်ဝမြို့ရှိ ကျောင်းများတွင် ချင်းတိုင်းရင်းသားများ၏ သဘောထားဆန္ဒ ရယူမှုမရှိဘဲ ရခိုင်ဘာသာစကားများ အတင်းအဓမ္မ သင်ကြားစေမှုအား ပြင်းထန်စွာ ကန့်ကွက်သည်”လို့ မတူပီ – CNC – Chin National Council – Matupi Township က စက်တင်ဘာ (၉) ရက်နေ့မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့ရှိ စစ်အုပ်စုတပ်ကို ULA/AA ရဲ့ အားတစ်ခုတည်း မဟုတ်ဘဲ ချင်းလူမျိုးအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ပေးဆပ်မှုတွေလည်း ပါဝင်တာကို သတိပြု နားလည်ရမှာဖြစ်ပြီး စစ်အုပ်စုရဲ့ အဖိနှိပ်ခံ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် လေးစားဖို့နဲ့ အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ရခိုင်နဲ့ ချင်းအကြား နားလည်မှုလွဲမှားတာတွေနဲ့ အမုန်းပွားတာတွေ မရှိစေဖို့ တော်လှန်ရေးကာလ ချင်းပြည် ပလက်ဝမြို့ အုပ်ချုပ်ရေးကို ချင်းနဲ့ ရခိုင် ပူးတွဲဆောင်ရွက်ဖို့နဲ့ အရပ်ဘက်ပြည်သူ့အုပ်ချုပ်ရေးကို အလေးပေးဆောင်ရွက်ဖို့ မတူပီ – CNC – Chin National Council – Matupi Township အဖွဲ့က တိုက်တွန်းထားပါတယ်။
အလားတူ Global Khumi Organization (GKO) အဖွဲ့ကလည်း ဒေသခံပြည်သူအများစုရဲ့ ဆန္ဒမပါဘဲ ပညာရေးသင်ရိုးညွှန်းတမ်းတွေမှာ ရခိုင်ဘာသာစကားနဲ့ သင်ကြားစေတာဟာ ချင်းအပါအဝင် အခြားတိုင်းရင်းသားတွေအပေါ်မှာ မထီမဲ့မြင် ပြုရာရောက်ပြီးတော့ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
“အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာ(စကား)ဖြင့် ပြဋ္ဌာန်း၍ ဒေသခံ ချင်းပြည်သူများ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ သင်ကြားစေသည်ကို စိတ်မကောင်းစွာ ကြားသိရပါသည်။ ထိုသို့ ဒေသခံပြည်သူအများစု၏ သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်း လူနည်းစုတစ်ခု၏ ဘာသာစကားတစ်ခုဖြစ်သော ရခိုင်ဘာသာ(စကား)ဖြင့် ပညာရေး သင်ရိုးညွှန်းတမ်းကို ပြဋ္ဌာန်း၍ သင်ကြားစေခြင်းသည် ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင် ပြုရာရောက်သကဲ့သို့ ဒေသခံ တိုင်းရင်းသားလူမျိုးများ အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေပါသည်” လို့Global Khumi Organization (GKO) စက်တင်ဘာ (၆) ရက်နေ့မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ ဆန္ဒမပါဘဲ အခုလို သင်ကြားစေခြင်းဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း (GKO)က ဆိုပါတယ်။
ဒီလိုကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီးတော့ Grade -12 မြန်မာစာနေရာမှာ ရခိုင်စာသင်ရိုးသစ်နဲ့ အစားထိုးသင်ကြားနေပေမယ့် ကျောင်းသား၊ ကျောင်းသူတွေကို မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းတာ မဟုတ်ဘဲ ရခိုင်စာနဲ့ မြန်မာစာ နှစ်ခုထဲက တစ်ခုကို ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ကြားနိုင်တဲ့ မူဝါဒကိုသာ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့ အာရက္ခအမျိုးသားပညာရေးဌာနရဲ့ ထုတ်ပြန်ချက်ကို အာရက္ခတပ်တော် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ စက်တင်ဘာ ၉ ရက်က တင်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်အရ AA ပညာရေးဌာနအနေနဲ့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို ဆောင်ရွက်နေပြီးတော့ ပလက်ဝမြို့နယ်အတွင်း Grade 12 တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ ရခိုင်လူမျိုး (၁၃၈) ယောက်၊ ခူမီးလူမျိုး (၁၆) ယောက်၊ ဒိုင်းနက်လူမျိုး (၃) ယောက်၊ မြိုလူမျိုး (၁) ယောက် စုစုပေါင်း (၁၅၈) ဦးကို ပညာသင်ကြားပေးနေတယ်လို့လည်း ဆိုပါတယ်။
ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့ပြီး ပညာရေး၊ကျန်းမာရေးအပါအဝင် ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ်မှာ လူဦးရေ စုစုပေါင်း ၉၇,၀၅၃ ဦး ရှိတဲ့အနက် ချင်းလူမျိုး ၇၀,၀၀၀ ကျော်နဲ့ ရခိုင်လူမျိုး ၁၈,၀၀၀ ဝန်းကျင် နေထိုင်ကြတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



