ဗန်းမော်ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဉ်တစ်စီး နတ်မျက်နှာတောင်မှာ ထပ်မံတိုက်ခိုက်ခံရကာ နစ်မြုပ်ပြီး အရာရှိတွေသေဆုံးတယ်လို့ဆို

မှူးအိန်ဂျယ်လ်/MFP၊ စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ မနေ့ညက ညတွင်းချင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ စစ်ရေယာဉ်တစ်စီးဟာ ကောင်းတုံကျေးရွာအုပ်စု၊ ဆူးပုတ်ကုန်းရွာအောက်နားမှာ တိုက်ခိုက်ခံရပြီး မျောပါလာကာ ဒီနေ့ မနက် ၇ နာရီခန့်မှာတော့ ဗန်းမော်နဲ့ ရွှေကူအကြား နတ်မျက်နှာတောင်မှာ ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ညက ဆူးပုတ်ကုန်းအောက်နားမှာ အမှောင်အကာအကွယ်ယူပြီး စုန်လာတဲ့ Navy ၁ စီး တိုက်ခံရကာ မျှောလာတယ်။ မနက် ၇ နာရီခန့် နတ်မျက်နှာတောင်မှာ ဆက်တိုက်ခံရကာ နစ်မြှုပ်သွားပြီ။ ပါလာတဲ့ အရာရှိတွေ လှေနဲ့ ကုန်းပေါ် အသက်လုထွက်ပြေးရတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။



ရွှေကူမြို့အနီးက နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အခုဖြစ်စဉ်ကို အတည်ပြု ပြောကြားထားပါတယ်။
“ဒီစစ်သင်္ဘောတွေမှာ ပါတဲ့ခွေးတွေ၊ အရာရှိတွေ ထိတာ၊ အရာရှိတွေကျတယ်လို့ ပြောတယ်၊ အတိအကျတော့ မသိဘူး။ အခုမစ်ရှင်မှာကတော့ တိတ်တိတ်လေးဆင်းခဲ့တာ သူတို့အချင်းချင်းတောင်မှ ဆင်းလာတာ စက်မပေါက်ဘူး။ ” လို့ ရွှေကူမြို့အနီးက စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။
အခုထပ်မံတိုက်ခိုက်ခံရတဲ့ ရေယာဉ်ဟာ ဗန်းမော်ကို ပစ္စည်းတွေ ပို့ဆောင်တာနဲ့ လူအင်အား ပြောင်းလဲတာတွေ လုပ်ပြီးနောက် ဗန်းမော်ကနေ ပြန်လည်စုန်ဆင်းလာတာလို့ သူက ဆက်ပြောပါတယ်။
“ပထမဦးမှာ ဒီသင်္ဘောတွေက စင်းခန်းကျော်ပြီးတော့ ဗန်းမော်ကို ခြောက်စီးရောက်သွားတာ ဟုတ်တယ်။ အခုဟာက ပစ္စည်းတွေပို့၊ လူတွေ Change (လဲ) ပြီးတော့ ပြန်ဆင်းခဲ့တာလို့ ပြောတယ်။မနေ့က ဗန်းမော်ကနေ သူတို့အရာရှိပိုင်း ထိသွားတဲ့သဘောရှိတယ်။ အဲဒါနဲ့ ညတွင်းချင်း သူတို့ ဆင်းသွားကြတာ၊ စက်ပိတ်ပြီးတော့ ဆင်းသွားကြတယ်လို့ ယူဆရတယ်” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာလ ၁၂ရက်နဲ့ ၁၃ ရက်နေ့တွေကလည်း ရွှေကူမြို့နယ် စင်းခန်းတံတားအနီးနဲ့ ဇင်းဘုံရွာအနီးမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့အကြား မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က နေ့ရောညပါ လေကြောင်းကနေ ဗုံးကြဲပစ်ကူနေတာတွေ လုပ်နေခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းမှာလည်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမယ့် အတိအကျ မသိရသေးဘူးလို့ မြေပြင်ရဲဘော်တစ်ဦးကပြောပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့က မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ၁၅စီးပါ စစ်ရေယာဉ်အုပ်စုထဲက ရှစ်စီးထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ် ။ အဲဒီနောက် စက်တင်ဘာ ပထမပတ်အတွင်း မန္တလေးဘက်ကနေ ၃၁စီးပါ ဒုတိယ စစ်အုပ်စုရေယာဉ်တွေ ထပ်မံ ဆန်ဆက်လာခဲ့ပြီး စက်တင်ဘာလ ၉ရက်နေ့မှာ အဲဒီထဲက နှစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း ရွှေကူမြို့အနီးမှာ တွန်းတွဲရေယောဉ်နှစ်စီးနဲ့ Speed Boat တစ်စီး စုစုပေါင်းသုံးစီး တိုက်ခိုက်ခံခဲ့ရသလို စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရွှေကူမြို့နယ် ရေနီကျေးရွာအနီးမှာ ကမ်းကပ်ထားတဲ့ စစ်အုပ်စု ရဲ့ရေယာဉ်တစ်ဦးကိုလည်း တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။
ဗန်းမော်နဲ့ ရွှေကူအကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA )နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက် တိုက်ခိုက်နေပြီး စစ်အုပ်စုရဲ့ တိုက်ခိုက်ရေးရေယာဉ်တွေနဲ့ စက်လှေတွေ အပါအဝင် ရေယာဉ်အကြီးအသေး စုစုပေါင်း (၁၆)စီးထက်မနည်း တိုက်ခိုက်ဖျက်ဆီးခံရထားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။



