တီးတိန်မှာ ဇိုးလဲန်း-PDF ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း (၈၀) ကျော် အချုပ်ခန်းက ထွက်ပြေးလွတ်မြောက်

ရွှေဥ/MFP၊ စက်တင်ဘာ-၁၄
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ စက်တင်ဘာ (၁၃) ရက်နေ့က ဇိုးလဲန်း-PDF (Zoland-PDF) ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အယောက်(၈၀) ကျော်ဟာ အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာ (၁၃) ရက် ညနေပိုင်းက စစ်သုံ့ပန်းအယောက် (၈၀) ကျော်ထဲက စစ်သုံ့ပန်းနှစ်ဦးက ရေချိုးဖို့ တောင်းဆိုရာမှာ တော်လှန်ရေးရဲဘော်နှစ်ဦးက လိုက်ပို့နေချိန် သေနတ်လု စီးနင်းတိုက်ခိုက်တာ ခံရပြီးနောက် ကျန်တဲ့ စစ်သုံ့ပန်းအယောက် (၈၀) ကျော်လည်း ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။



“သေနတ်နှစ်လက် ပါသွားတယ်။ စီးနင်းခံလိုက်ရတာကြောင့် ရဲဘော်အချို့လည်း ဒဏ်ရာရတယ်”
အဆိုပါ စစ်သုံ့ပန်းတွေက တာဝန်ကျ Zoland-PDF နှစ်ဦးကို ထိုးကြိတ်၊ ကန်ကျောက်ကာ အချုပ်ခန်းကို စီးနင်းထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်သုံ့ပန်းတွေဟာ တီးတိန်မြို့နယ်အတွင်း တိုက်ပွဲတွေမှာ ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်းတွေဖြစ်ပြီး ဗိုလ်ကြီး၊ ဗိုလ်မှူး၊ တပ်ကြပ်ကြီး အဆင့်ရာထူးရှိသူတွေနဲ့ ပြည်သူ့စစ် အများစုပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်သုံ့ပန်းတွေဟာ တီးတိန်မြို့နယ်နဲ့ ကနေဒီတောင်ထိပ်ကို ဖြန့်ကျက်ပြေးနိုင်တယ်လို့ ယူဆရပြီး တော်လှန်ရေးရဲဘော်တွေက တောနင်းရှာဖွေဖို့ ကြိုးစားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တောထဲမှာပဲ ပုန်းနေသေးတယ်လို့ သိရတယ်။ အခုကတော့ လိုက်နေကြတယ်။ တီးတိန်ဘက်ကို ပြေးဖို့ ဖြစ်နိုင်တယ်”
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက တီးတိန်မြို့ပေါ်နဲ့ ကလေး-တီးတိန် လမ်းမကြီးမှာ တည်ရှိတဲ့ ကနေဒီတောင်ကုန်း၊ ခိုင်ကမ်းမြို့ (ကိုးမိုင်ဂိတ်) မှာ အခြေပြုတပ်စွဲထားပြီးတော့ တီးတိန်နဲ့ ဖလမ်းမြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ ကြို့စားနေပြီး ဘဏ်တွေဖွင့်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက အဆိုပါမြို့နယ်တွေမှာ ပြန်လည်နေထိုင်ကြမယ့်သူတွေကို မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေနဲ့ ဧည့်စာရင်းစစ်တာတွေ လုပ်နေပြီး မြို့အဝင်အထွက်ဂိတ်တွေမှာလည်း လက်မှတ်ထိုးပြီးမှ အဝင်အထွက်လုပ်ခိုင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညအချိန် စစ်ဆေးတာတွေ ရှိတယ်။ ဧည့်စာရင်း လာစစ်တာ၊ လူဘယ်နှစ်ယောက် နေလဲ။ အမျိုးသားရှိတဲ့အိမ်က ပိုစစ်ခံရတယ်။ လမ်းတွေကတော့ ပြန်ပွင့်နေပြီ။ ကိုးမိုင်ဂိတ်မှာတော့ အစစ်အဆေးကတော့ မှတ်ပုံတင်တို့၊ အိမ်ထောင်စုဇယားပြပြီး ဖြတ်ရတယ်”
ချင်းပြည်နယ် မြောက်ပိုင်းမှာတော့ တော်လှန်ရေးအင်အားစုတွေက ဖလမ်း၊ ဝေဘူလ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်၊ ထန်တလန် မြို့ခြောက်မြို့ကို ပြီးခဲ့တဲ့နှစ်တွေအတွင်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စစ်အုပ်စုရဲ့ တစ်ကျော့ပြန်ထိုးစစ်ကြောင့် ဖလမ်း၊ ဝေဘူလ၊ တွန်းဇံ၊ ထန်တလန်၊ ကျီခါး မြို့ငါးမြို့ကို ပြန်လည်လက်လွှတ်ရပြီး ရိဒ်မြို့တစ်ခုသာ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။



